တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် ဦးထိန်လင်းကျော် ဥပဒေရေးရာဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ဆွေးနွေးမှာကြား

ထားဝယ်  မေ ၁၃

တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် ဦးထိန်လင်းကျော်၊ တိုင်းဒေသကြီးဥပဒေအရာရှိဦးညွန့်လွင်နှင့်  ဥပဒေအရာရှိများ တို့က မေ ၁၂ ရက်နေ့ညနေပိုင်းတွင် ထားဝယ်ခရိုင်ဥပဒေရုံးနှင့် ခရိုင်အတွင်းရှိ မြို့နယ်ဥပဒေရုံးများမှဥပဒေအရာရှိများနှင့်ရုံးဝန် ထမ်းများကို ရက် (၁၀၀) စီမံကိန်းဆောင်ရွက်မည့် အစီအမံများအပေါ်ရှင်းလင်းဆွေးနွေးမှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးဥပဒေချုပ်က နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်များမှ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားတိုင်း ဥပဒေ၏အကာအကွယ်ကို အညီအမျှရရှိစေရေးဆိုင်ရာလမ်းညွှန်ချက်နှင့် ဥပဒေရေးရာဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံကိန်းဆောင်ရွက်မည့်အစီအမံများအပေါ် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက် များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးမှာကြားပြီး ဥပဒေရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်အရ ထားဝယ်ခရိုင်ဥပဒေရုံးသို့ ကွင်းဆင်းမှာကြားခြင်းဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနက ရက် ၁၀၀ အတွင်းဆောင်ရွက်ရန် စီမံထားသော ရက် ၁၀၀ စီမံကိန်းလုပ်ငန်းများဖြစ်သည့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး များ ဥပဒေအသိပညာပေး (TOT) သင်တန်းပို့ချရန်၊ AI အသုံးပြု၍ ဥပဒေအသိပညာပြန့်ပွားရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဥပဒေအရာရှိများကို အများပြည်သူ အားကိုးယုံကြည်နိုင်ရေးအတွက် ဥပဒေအရာရှိကျင့်ဝတ်မေးမြန်း ဆွေးနွေးပွဲများ၊ ရှေ့ပြေးဥပဒေရုံးများ တိုးချဲ့ဆောင်ရွက်ရေးကိစ္စများကို ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ထို့ပြင် မိမိတို့ဥပဒေ အရာရှိများ၏ ပင်မလုပ်ငန်းတာဝန်များကို လစ်ဟင်းမှုမရှိစေရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြရန် လိုအပ်ကြောင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဥပဒေချုပ်က ထားဝယ်ခရိုင်ဥပဒေရုံးသည် ရှေ့ပြေးဥပဒေရုံးဖြစ်သည့်အတွက် ရှေ့ပြေးဥပဒေရုံးဆိုင်းဘုတ်တပ်ဆင်ရေး၊ တရားခွင်အကြို မေးမြန်းခြင်းဆောင်ရွက်မည့်အခန်းများ စီစဉ်ထားရှိရေး၊ ရုံးနှင့်ရုံးဝင်းပတ်ဝန်းကျင် သာယာလှပရေးတို့ကိုစီမံဆောင်ရွက်ရန် လိုက်လံကြည့်ရှုပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)