ညောင်ဦးမြို့ ရွှေစည်းခုံဘုရားကြီးတောင်ဘက်စောင်းတန်းပြုပြင်နေမှုနှင့် ဈေးဆိုင်ခန်းများ စနစ်တကျ ရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ညောင်ဦး မေ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားကြီး တောင်ဘက် (မေတ္တာစောင်းတန်း) ပြန်လည်ထိန်းသိမ်းပြုပြင်ပြီးစီးမှုနှင့် ဈေးဆိုင်ခန်းများ စနစ်တကျ ရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၁၄ ရက်၊ နံနက် ၁၀ နာရီက ရွှေစည်းခုံဘုရား ဘဏ္ဍာတော်ထိန်းဂေါပက အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီမွန်းက ရွှေစည်းခုံဘုရားတောင်ဘက်စောင်းတန်းပြုပြင် ထိန်းသိမ်းမှုဆောင်ရွက်ပြီးစီးမှုများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးမှု ဆောင်ရွက် ဆဲလုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ပြီးနောက် ရွှေစည်းခုံဘုရားတောင်ဘက်စောင်းတန်း ဈေးဆိုင်ခန်းများ၊ ပြန်လည်နေရာချ ထားမည့် နေရာများနှင့် စနစ်တကျရှိစေရေး၊ စောင်းတန်းပြုပြင်ပြီးစီးမှု၊ မီးလိုင်းများ စနစ်တကျ သွယ်တန်းရေးတို့အား ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း