စဉ့်ကူးမြို့၌ မူလတန်းပြဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွားသင်တန်း) ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

စဉ့်ကူး မေ ၁၄ 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ/ဆရာမများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်တက်လာစေရန် ရည်ရွယ်၍ မူလတန်းပြဆရာ၊ ဆရာမများအတွက် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွားသင်တန်း) ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံး၌ ကျင်းပသည်။

ရှေးဦးစွာ စဉ့်ကူးမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းက ဆင့်ပွားသင်တန်းဆွေးနွေးပွဲ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး သင်တန်းနည်းပြ ဆရာမ ဒေါ်ခင်နှင်းနုက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းဆွေးနွေးပွဲအား မေလ ၁၄ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ စဉ့်ကူးမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းနှင့် တာဝန်ရှိသူများ၊ တိုင်းအဆင့်သင်တန်းတက်ပြီးသူ နည်းပြဆရာမ (၃)ဦးတို့က အနီးကပ်ကြီးကြပ်၍ ဆွေးနွေးပို့ချလျက်ရှိသည်။

အဆိုပါသင်တန်းဆွေးနွေးပွဲသို့ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မူလတန်းအဆင့် သင်ကြားပေးနေသော ဆရာ/ဆရာမသင်တန်းသား သင်တန်းသူ (၄၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မေလ ၁၄ ရက်မှ မေလ ၂၄ ရက်နေ့ထိ ၁၀ ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)