ချမ်းအေးသာစံ မေ ၁၄
မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်အလိုက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၃ ရက် မွန်းလွဲပိုင်းက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အတွင်းရေးမှူး၊ ခရိုင်(၁၁)ခုမှ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများကလူကိုယ်တိုင်ဖြင့်လည်းကောင်း၊ Virtual အစီအစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးတွင် ကျန်းမာရေး၊ ပညာရေး၊ အားကစား၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် MSME ၊ စီးပွားရေးစသည့်ကဏ္ဍများအပါအဝင် နိုင်ငံတော်သမ္မတ၏ ရက်ပေါင်း(၁၀၀)အတွင်းဆောင်ရွက်ရမည့်ကဏ္ဍများအလိုက် လုပ်ငန်းများအား အမှန်တကယ်ပြီးမြောက်အောင် အလေးထားကာ ဦးစားပေးဆောင်ရွက်သွားကြရမည်အပြင် ခရိုင်အလိုက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြီးခဲ့သည့် ၅ နှစ် တာကာလအတွင်း လုပ်ဆောင်ခဲ့မှုများမှ အားနည်းချက် အားသာချက်များအပေါ် သုံးသပ်ကာ ပိုမိုကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်ဝသည့် အသိပညာအတတ်ပညာရှင်များပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာမီအခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံမှု နှင့် တန်းစဉ်ကူးပြောင်းမှုမြင့်မားရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ကိုင် ဆောင်ရွက်နေသည့် တောင်သူများအား မျိုး၊ မြေ၊ ရေ နည်း လုပ်အားများ ကောင်းမွန်မှုရှိစေရေး၊ စပါးနှင့် အဓိကဆီထွက်သီးနှံများ စိုက်ဧကနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသများမှအစ မြို့ပြအထိသန့်ရှင်းသာယာလှပရေးနှင့်ဖွံဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအားဖြင့် ဌာနဆိုင်ရာများ အချင်းချင်း ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
၎င်းနောက် ခရိုင်(၁၁)ခုမှ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူး များကရက်ပေါင်း(၁၀၀)အတွင်းပါဝင်သည့်ကဏ္ဍများအလိုက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမျာကို ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)