ကော့သောင်းမြို့နယ်၌ မိသားစုဝင်‌ငွေတိုးရေးစီမံကိန်း"ဖြင့်အကောင်အထည်ဖော်ရေး ဆောင်ရွက်သည့် အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

ကော့သောင်း မေ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကော့သောင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ"မိသားစုဝင်‌ငွေတိုးရေးစီမံကိန်း"ဖြင့်အကောင်အထည်ဖော်ရေးဆောင်ရွက်သည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)ခွဲခန့်က ပုလုံးတုံတုံးကျေးရွာ အထက(ခွဲ)ပုလုံးတုံတုံးကျောင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်က “နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာများနှင့်ပက်သက်၍ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဟူသော ဆောင်ပုဒ်ချမှတ်ထားသည်နှင့်အညီ ပြည်တွင်း ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုအတွက် အထောက်အကူပြုသည့် လုပ်ငန်းတစ်ရပ် လည်းဖြစ်ပါကြောင်း၊ကုန်သွယ်မှုတွင်အဓိကကျသည့် ပို့ကုန်၊သွင်းကုန်များကို လေ့လာဆန်းစစ်ချက်များအရ မိမိတို့နိုင်ငံမှ အထည်ချုပ်လုပ်ငန်းထုတ်ကုန်များ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များအား ပြည်ပသို့တင်ပို့လျက်ရှိပြီး ပြည်တွင်း၌အသုံးပြု ဝတ်ဆင်နေသည့် ထုတ်ကုန်များဟာဆိုရင် ယခုဆောင်ရွက်တဲ့ စက်ချုပ်လုပ်ငန်းအခန်းကဏ္ဍ အရေးပါလျက်ရှိပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေရေးကို ဆောင်ရွက်ပေးခြင်းအားဖြင့် တစ်နိုင်တစ်ပိုင်ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်း၊ ကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေခြင်းနှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေခြင်းတို့ကြောင့် မိသားစုဝင်ငွေများတိုးပွားလာစေပြီး နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဦးတည်ချက်ကို အောင်မြင်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်‌စေမည်ဖြစ်ကြောင်း၊ မိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့် လူနေမှုစီးပွားဘဝမြင့်မားလာပြီး လူငယ်များ၏ ပညာရေး၊ ကျန်းမာရေးတို့အား ထောက်ပံ့ပေးနိုင်ခြင်း၊ ပြုစုပျိုးထောင်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်၍ အနာဂတ်နိုင်ငံတော်၏ ကောင်းမွန်သောမျိုး ဆက်သစ်များမွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များကို စိတ်ဝင်တစားသင်ကြားပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်”  ပြောကြားသည်။

ယင်းနောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးထက်အောင်က လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ခေါင်းဆောင်အား လုပ်ငန်းတာဝန်များပေးအပ်သည်။

အဆိုပါသင်တန်းကို (၁)လတာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ပုလုံးတုံတုံးကျေးရွာနေသင်တန်းသူ(၁၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)