တောင်သာမြို့၌ တောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာသင်တန်းဖွင့်

တောင်သာ မေ ၁၄

တောင်သာမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် မျိုးစေ့ထုတ်၊ စံပြကွက်များအတွက် တောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ပွဲနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာသင်တန်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူး ကျော်ဇာလင်းက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် မျိုးစေ့ထုတ်၊ စံပြကွက်များအတွက် တောင်သူများအားသွင်းအားစု ထောက်ပံ့ပေးအပ်ပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာသင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ တောင်သူ လယ်သမားများအား သီးနှံအထွက်နှုန်းမထိခိုက်စေသည့် ဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်သော နည်းလမ်းများ၊ ဓာတ်မြေဩဇာနဲ့ သဘာဝမြေဩဇာတွဲသုံးပါ၊ ဓာတ်မြေဩဇာအသုံးပြုပါက မှန် မှန် (4R) နည်းစနစ်ကို လိုက်နာပါ အချက်(၁၂)ချက်ပါများအား တောင်သူလယ်သမားများအား ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်သူများအား မျိုးစေ့ထုတ်၊ စံပြကွက်များအတွက် မိုးနှမ်း၊ မိုးပဲစဉ်ငုံ၊ မိုးပဲတီစိမ်း၊ မိုးမြေပဲ၊ မိုးနေကြာ စိုက်ပျိုးမည့် အိုင်သာ၊ လယ်ကွက်ကြီး၊ အုတ်ဖို၊ တောင်ပုလင်၊ မကြီးပင်တဲ၊ ခါတက်ကုန်း၊ ပဲခင်းကျော်၊ ရွှေပြည်တော် ကျေးရွာမှ တောင်သူ စုစုပေါင်း ၃၂ ဦး၊ ဧက (၆၀) စာ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် တောင်သူလယ်သမားများက သိရှိလိုသည်များမေးမြန်းကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းမော်က ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးနည်းစနစ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် တောင်သူလယ်သမားဦးရေ စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)