ထားဝယ် မေ ၁၄
၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်တွင် ထားဝယ်မြို့နယ်အတွင်းရှိ အခွန်အများဆုံးထမ်းဆောင်ခဲ့သည့်ကုမ္ပဏီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူ များအတွက် ပညာရေး၊ ကျန်းမာရေး၊လူမှုရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ နိုင်ငံ့ဝန်ထမ်းများအား လစာနှင့် စရိတ်ချီးမြှင့်နိုင်ရေး၊တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ရေး၊အခြေခံအဆောက်အအုံများ ပြည့်စုံရေးအစရှိသည့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက် အသုံးစရိတ်များကာမိစေရန် ဘဏ္ဍာငွေရရှိစေရေးနှင့် နိုင်ငံတော်၏ စီးပွားရေးရည်မှန်းချက်များကို အထောက်အကူပြုရေးစသည့် ရည်ရွယ်ချက်များ အပေါ်တွင်သာ အခြေပြုကောက်ခံခြင်းမဟုတ်ကြောင်း၊နိုင်ငံတော်တွင်ညီညွှတ်မျှတသောအရ/အသုံး ငွေကြေးစနစ်ပေါ်ပေါက်စေပြီးငွေကြေးလည်ပတ်မှုကို မှန်ကန်စေ၍ ငွေကြေးဖောင်းပွမှုများ မပေါ်ပေါက်အောင်ထိန်းသိမ်းပေးခြင်း၊ ပြည်တွင်းစားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စုဆောင်းမှုတို့ကို အခွန်စနစ်ဖြင့် ထိန်းညှိပေးခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုအတွက် အထောက်အကူဖြစ်စေခြင်း၊ ဓနအင်အားမျှတစေခြင်း၊နိုင်ငံတော်၏ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးရည်မှန်းချက် များအကောင် အထည်ဖော်ရေးကို အထောက်အကူဖြစ်စေခြင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် အခွန်အကောက်စနစ်ဖြင့် ထိန်းညှိပေးခြင်း၊ အရက်၊ စီးကရက် စသော တားမြစ်လိုသည့်ကုန်စည်များကို အခွန်အကောက်စနစ်ဖြင့် ဟန့်ထားနိုင်ခြင်း စသည့်ရည်ရွယ်ချက်များအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကောက်ခံခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝရရှိရေးအတွက် အခွန်ဝန်ထမ်း များ အနေဖြင့် အဂတိတရားကင်းရှင်းစွာဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထား ဆောင်ရွက်ရမှာဖြစ်သလို အခွန်ထမ်းပြည်သူများအပေါ် ယဉ်ကျေးပျူငှာစွာဖြင့်ပြောဆိုဆက်ဆံခြင်း၊ လုပ်ငန်းများအား လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးခြင်း၊ အခွန်ထမ်းပြည်သူများ အခွန်ဥပဒေအား သိရှိနားလည်စေရေး စဉ်ဆက်မပြတ် အသိပညာပေးခြင်းနှင့် ညီညွတ်မျှတသော အခွန်စနစ်ဖြစ်စေရေး အလေးထားဆောင် ရွက်ခြင်းနှင့် အခွန်တိုးတက်ကောက်ခံရရှိရေးအတွက် အခွန်ထမ်းသစ် ဖော်ထုတ်ခြင်းစသည့်ကိစ္စရပ်များကို အစဉ်အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ လုပ်ငန်းရှင်အခွန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့်တိုင်းရင်းသားားပြည်သူလူထုတစ်ရပ်လုံး၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ အခွန်ဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများပါပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်၍ ဥပဒေအရ ကျသင့်အခွန်များအား သတ်မှတ်ကာလအတွင်း မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝ ပေးဆောင်ကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးတို့က အခွန်အများဆုံးထမ်းဆောင်ခဲ့သည့် ကုမ္ပဏီလုပ်ငန်းရှင်ဆု၊ ကုန်သွယ်လုပ်ငန်းခွန်ဆုနှင့် ဝင်ငွေခွန်အများဆုံးထမ်းဆောင်ခဲ့သည့် ပုဂ္ဂလိကလုပ်ငန်းရှင်ဆု ရရှိသူများအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးက အခွန်ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက အခွန်ဌာနဝန်ထမ်းများ အနေဖြင့်အခွန်ထမ်းပြည်သူများအပေါ် နွေးထွေးပျူငှာစွာဆက်ဆံရန်၊လုပ်ငန်းများလွယ်ကူလျင်မြန်စွာ ပြီးမြောက်အောင်ကူညီရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် စေတနာထားဆောင်ရွက်ရန်၊ နိုင်ငံတော် အတွက်ရသင့်ရထိုက်သောအခွန်ငွေများ ပြည့်ပြည့်ဝဝကောက်ခံရရှိရေး ကြိုးပမ်းအကောင်အထည်ဖော်ပေးကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)