ကော့သောင်းမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာရှိ တောင်သူများအတွက် (မျိုးစေ့ချကိရိယာ)ပေးအပ်

ကော့သောင်း မေ ၁၄

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့်  မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကျေးရွာရှိ တောင်သူများအတွက် Seeder (မျိုးစေ့ချကိရိယာ) ပေးအပ်ခြင်းအခမ်းအနားကို ရွှေပြည်စိုးကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် မေ(၁၄)ရက် နံနက်ပိုင်းကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးနိုင်လင်းထက်က  နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် သီးနှံများအထွက်တိုးရေးနှင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းများရရှိရေး အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း ၊ယခုကဲ့သို့ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရေး၊ မြေစနစ်တကျပြုပြင်ခြင်း၊ ဓာတ်မြေဩဇာနှင့် ဘဘာဝမြေဩဇာများ အချိန်ကိုက်အချိုးကျ စနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ၊ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန် ရေးစသည့် "မျိုး ၊မြေ၊ ရေ၊ နည်း"ဆိုသော နည်းလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ မိုးစပါးစိုက်ပျိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ချောင်းဝကျေးရွာရှိတောင်သူ လယ်သမားများ စိုက်ဧကကိုပြည့်မီစွာစိုက်ပျိုးကြရမည် ဖြစ်ပါကြောင်း၊စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း အလုပ်သမားရှားပါးမှုကြောင့် လွယ်လွယ်ကူကူစိုက်ပျိုးနိုင်ရန် Seeder(မျိုးစေ့ချကိရိယာ)အား ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ တွန်းအားပေးကူညီဆောင်ရွက်လျက်ရှိရာ တောင်သူများအနေဖြင့်စိုက်ပျိုးရေးဦးစီးဌာနနဲ့ အမြဲမပြတ်ဆက်သွယ်ဆောင်ရွက်ပြီး မျိုးကောင်းမျိုးသန့်မျိုးစေ့နှင့်သွင်းအားစုဆိုင်ရာ လိုအပ်ချက်များ၊ ရောဂါပိုးမွှားကာကွယ်နှိမ်နင်းနည်းနှင့်ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို လက်ဆင့်ကမ်းရယူလျက် မိမိတို့ စိုက်ပျိုးထားသော သီးနှံများ၏ တစ်ဧကအထွက်နှုန်း တိုးတက်ရေးကို ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်ကြရန်ပြောကြားသည်။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ ‌‌ ကော့သောင်းခရိုင်ဦးစီးမှူး ဦးမြင့်ဇော်မှ Seeder (မျိုးစေ့ချကိရိယာ) ပေးအပ်ခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ချောင်းဝကျေးရွာနေ တောင်သူများအတွက် Seeder (မျိုးစေ့ချကိရိယာ)များ ပေးအပ်ခဲ့သည်။ ယင်းနောက် တောင်သူများ ကိုယ်စား‌ တောင်သူဦးထင်ကျော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)