ကျောက်ဆည်မြို့နယ်၌ နွေစပါးသီးနှံ ပန်းတိုင်ထွက်နှုန်းရရှိရေး အသိပညာပေးသင်တန်းဖွင့်

ကျောက်ဆည် မေ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ နွေစပါးသီးနှံပန်းတိုင်ထွက်နှုန်းရရှိရေး အသိပညာပေးသင်တန်းကို တောင်နောက်ကျေးရွာအုပ်စု၊ မင်းရဲနည်းပညာပြန့်ပွားရေးစင်တာတွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သန်းက အဖွင့်မှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဦးဝင်းထိန် က ကျောက်ဆည်မြို့နယ်သည် ရေမြေဒေသကောင်းမွန်သည့်ဒေသဖြစ်ပြီး နွေ၊မိုး ရာသီများ၌ စပါးသီးနှံကို အများဆုံးစိုက်ပျိုး ဒေသတွင်းဖူးလုံသည့်အပြင် အခြားဒေသများကို တင်ပို့ရောင်းချ ခြင်းများဆောင်ရွက်နိုင်သည့်အပြင် စိုက်ပျိုးရေးဦးစီးဌာမှလည်း စိုက်ပျိုးရေးနည်းပညာ သင်တန်းများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိပြီး တောင်သူများအနေဖြင့် တစ်ဧက ပန်တိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။

ထို့နောက် ကျောက်ဆည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှုး ဦးမြင့်အောင်က သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းကိုဆက်လက်ဖွင့်လှစ်ခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေးတာဝန်ခံ ဒေါ်မို့မို့စိုး၊ မျိုးစေ့တာဝန်ခံ ဒေါ်သီတာစိန်နှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးတာဝန်ခံ ဒေါ်ရီရီဌေးတို့က နွေစပါးသီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေး မြေပြင်ခြင်း၊ ပျိုးထောင်ခြင်း၊ ပြောင်းရွေ့စိုက်ပျိုးခြင်း၊ ပင်ကြားတန်းကြား အကွာအဝေး မှန်စွာဖြင့် တစ်ဧကကောက်ကွက်ပြည့်မီစွာစိုက်ပျိုးခြင်း၊ ပေါင်းလိုက်တမန်းနိုးခြင်း၊ ရေလိုအပ်ချိန်၌ ရေသွင်းခြင်း၊ သွင်းအားစုများကို နည်းစနစ်မှန်စွာ အသုံးပြုခြင်း၊  ပိုးမွှားနှိမ်နင်းခြင်း၊ အချိန်မီ ရိတ်သိမ်းခြွေလှေ့ခြင်းစသည့် နည်းပညာများ သင်ကြားခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)