အောင်မြေသာစံမြို့နယ်၌ အခွန်ဆိုင်ရာသိကောင်းစရာ ဟောပြောပွဲကျင်းပ

 မန္တလေး မေ ၁၄

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၌ အခွန်ဆိုင်ရာသိကောင်းစရာ ရှင်းလင်းဟောပြောပွဲကို မေ ၁၄ ရက်က နံနက်ပိုင်းက မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၌ ကျင်းပသည်။

ဦးစွာ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်တင့်က အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး ဦးတက်ထွဋ်အောင်က အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာများအား အကျဉ်းချုပ်ပြောကြားသည်။ ထို့နောက် အောင်မြေသာစံမြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်မေစံပယ်ဖြူအောင်က အခွန်ဆိုင်ရာသိကောင်းစရာများနှင့် ဝင်ငွေခွန်ပေးဆောင်ခြင်းဆိုင်ရာသိရှိရန်အချက်များအား ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

ဟောပြောပွဲတွင် အခွန်ဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များဝေငှခဲ့ပြီး တာဝန်ရှိသူများသို့ ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ စာအုပ်များအား ပေးအပ်သည်။ အဆိုပါ ဟောပြောပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ စီမံအရာရှိများ၊ ဆရာ၊ဆရာမများနှင့် ဝန်ထမ်း ၁၅၀ တက်ရောက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း