မူဆယ် မေ ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မေလ (၁၃) ရက်နေ့ နံနက် ၇ နာရီအချိန်က အ.ထ.က(ခွဲ)မန့်ဝိန်းကျောင်းနှင့် မူလွန်(စွမ်စော်)ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကြာမီအချိန်တွင် ကျောင်းများဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်ရည်ရွယ်၍ မူဆယ်ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ သန္တေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်များမှ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက စုပေါင်း၍ အ.ထ.က(ခွဲ)မန့်ဝိန်းကျောင်းနှင့် မူလွန်(စွမ်စော်)ကျောင်းများတွင် သစ်ကိုင်းများခုတ်ထွင်ခြင်း၊ ရေမြောင်းများ သန့်ရှင်းခြင်း၊ ကျောင်းဆောင်အမိုးပေါ်ရှိ အမှိုက်များသန့်ရှင်းခြင်း၊ အမှိုက်ကန်များမှ အမှိုက်များ သန့်ရှင်းခြင်း၊ ရေအိမ်များသန့်ရှင်းခြင်း၊ ရေကန်များအား အဘိတ်ဆေးခတ်ခြင်း၊ ကျောင်းဆောင်များအတွင်း ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည့်နေရာသို့ မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းမင်းနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များမှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)