ညောင်ဦး ပုဂံ ၁၅
ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ်မှုကဏ္ဍတွင် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြုမှုသည် အရေးပါသောလုပ်ငန်းတစ်ရပ်ဖြစ်သည်။ တူးဖော် သုတေသနပြုမှုဆိုသည်မှာ သာမန်တူးဖော်မှုနှင့်လွန်စွာကွဲပြားခြားနားပြီး မြေလွှာ (Stratigraphy) တစ်လွှာချင်းစီကို စနစ်တကျဖြင့် တူးဖော်သုတေသနပြုခြင်းဖြစ်သည်။ မြေလွှာတစ်လွှာချင်းစီတွင် တွေ့ရှိရသော တူးဖော်တွေ့ရှိအထောက်အထားများအား စနစ် တကျမှတ်တမ်းတင်ခြင်း၊ ပုံဆွဲများရေးဆွဲခြင်း၊ တွေ့ရှိအထောက်အထားများအား ဆက်စပ်လေ့လာ၍ သုတေသနအစီရင်ခံစာပြုစုရေးသားခြင်းတို့ကိုဆောင်ရွက်ရသည်။ တူးဖော်သုတေသနပြုမှုများမှတွေ့ရှိရသောအထောက်အထားများသည် ယဉ်ကျေးမှုသမိုင်းကြောင်းအား ပိုမိုခိုင်မာစေခြင်း၊ လစ်ဟာနေသောသမိုင်းကွက်လပ်များကို ဖြည့်စွက်ပေးနိုင်ခြင်းတို့ကို များစွာပံ့ပိုးပေးနိုင်ကြောင်း ရှေးဟာင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံ) ဌာနခွဲတာဝန်ရှိသူများက ရှင်းပြသည်။
တူးဖော်သုတေသနပြုမှုများမှ တွေ့ရှိရသော အဆောက်အအုံအကြွင်းအကျန်များ၊ တည်ဆောက်ရေးအသုံးပြုပစ္စည်းများသည် ခေတ်ကာလတစ်ခု၏ ဗိသုကာလက်ရာနှင့် အဆင့်အတန်း၊ လူမှုစီးပွားအခြေအနေတို့ကို ပြန်လည်သုံးသပ်နိုင်ပြီး တူးဖော်တွေ့ရှိရသော အသုံးအဆောင်ပစ္စည်းများနှင့် ဝတ္ထုပစ္စည်းများသည် ခေတ်ကာလတစ်ခု၏ ယဉ်ကျေးမှု တိုးတက် မြင့်မားခဲ့မှု၏ သက်သေအထောက်အထားများကြောင်းလည်း သိရှိရသည်။
တူးဖော်သုတေသနပြုတွေ့ရှိရသော ဝတ္ထုပစ္စည်းများ
တူးဖော်သုတေသနပြုရာတွင် တူးဖော်သည့်နေရာ၏ သမိုင်းခေတ်နောက်ခံပေါ်မူတည်၍ တူးဖော်တွေ့ရှိရသော ဝတ္ထုပစ္စည်းများ အမျိုးမျိုးရှိကြသည်။ သမိုင်းကြိုကာလနှင့်သမိုင်းတင်ကာလ ထွန်းကားခဲ့သောနေရာများတွင် အတိတ်ကာလလူမှုအဖွဲ့အစည်းတို့ အသုံးပြုခဲ့ကြသည့် ရှေးဟောင်းအဆောက်အအုံအကြွင်းအကျန်များနှင့် အသုံးအဆောင် ရုပ်ဝတ္ထု ပစ္စည်းများ၊ ၎င်းတို့နှင့် ဆက်စပ်နေသည့် ခေတ်ကာလအဆက်ဆက်ပို့ချခဲ့သည့် မြေလွှာများကို တူးဖော်တွေ့ရှိရလေ့ရှိသည်။
တူးဖော်သုတေသနပြုရာမှရှေးဟောင်းအဆောက်အအုံအစိတ်အပိုင်းတွေ့ရှိရပါက မူလအဆောက်အအုံ၏ မူရင်းလက်ရာစစ်မှန်အတိုင်း ဖော်ထုတ်နိုင်စေရန် စနစ်တကျအသေးစိတ်တူးဖော်ခြင်း၊ တွေ့ရှိအဆောက်အအုံအစိတ်အပိုင်းများအား ဓာတ်ပုံမှတ်တမ်းတင်ခြင်း၊ အသေးစိတ်တိုင်းတာ၍ ပန္နက်ပုံနှင့် ဖြတ်ပိုင်းပုံဆွဲခြင်းတို့ကို ဆောင်ရွက်ရသည်။ ထိုနည်းတူစွာ တူးဖော်သုတေသနပြုရာမှ ရှေးဟောင်းဝတ္ထုပစ္စည်းများတွေ့ရှိသည့် အခါတွင် ကျင်းကွက်အလိုက် ဆက်စပ်မြေလွှာများနှင့်တွဲစပ်၍ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်း ၊ Site Plan နှင့် ဖြတ်ပိုင်းပုံတွင် ထည့်သွင်းရန်အတွက် 3 Dimensions အတိုင်းအတာများရယူခြင်းတို့ကို ဦးစွာဆောင်ရွက်ရပြီး ရွှေ့ပြောင်းသယ်ယူနိုင်သော ရှေးဟောင်းဝတ္ထုပစ္စည်းများဖြစ်ပါက စနစ်တကျထုတ်ယူရပါသည်။ ထုတ်ယူသည့်အခါတွင် တူးဖော်မှု Site အမည်၊ သတ်မှတ်ကျင်းကွက်၊ တွေ့ရှိသည့်မြေလွှာ Unit ၊ တွေ့ရှိသည့်မြေအနက်၊ 3 Dimensions အတိုင်းအတာ၊ တွေ့ရှိသည့်နေ့ရက်မှတ်တမ်းတို့ကို ထည့်သွင်းမည့် Antiquity Bag တွင် ရေးသွင်းမှတ်တမ်းတင်ကာ သိမ်းဆည်းရသည်။ တွေ့ရှိဝတ္ထုပစ္စည်းသည် ပျက်စီးနေမှုအခြေအနေအရ အရေးပေါ်ထိန်းသိမ်းရန်လိုအပ်ပါက သက်ဆိုင်ရာထိန်းသိမ်းရေးဌာနစုသို့ပေးပို့၍ စနစ်တကျထိန်းသိမ်းခြင်းကိုဆောင်ရွက်ရပြီး သိမ်းဆည်းထားသည့် Antiquity များကို သတ်မှတ်နေရာတစ်ခုတွင်စုစည်းထားရှိပြီး ၎င်းပစ္စည်းများအား အမျိုးအစားအလိုက် စနစ်တကျသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ အသေးစိတ်တိုင်းတာ ပုံထုတ်ခြင်းနှင့် ဓာတ်ပုံမှတ်တမ်းရိုက်ကူးခြင်းများ ဆောင်ရွက်ပြီးနောက် ၎င်းရှေးဟောင်းဝတ္ထု ပစ္စည်းများကို မှတ်ပုံတင်စာရင်းသွင်းခြင်း (Antiquity Register)တို့ကို ဆောင်ရွက်ရသည်။ တူးဖော်သုတေသနပြုခြင်းပြီးဆုံး၍ သုတေသနအစီရင်ခံစာထုတ်ဝေပြီးပါက ၎င်းရှေးဟောင်း ဝတ္ထုပစ္စည်းများကို မှတ်ပုံတင်စာရင်းနှင့်တကွ သက်ဆိုင်ရာဌာနခွဲရှိ သုတေသနဌာနစု၊ ရှေးပစ္စည်းဌာနစိတ်သို စနစ်တကျအပ်နှံရသည်။ ၎င်းမှတစ်ဆင့် အများပြည်သူလေ့လာနိုင်ရန်အတွက် ရှေးဟောင်းသုတေသနပြတိုက်သို့ ခင်းကျင်းပြသနိုင်ရန်အတွက် စနစ်တကျလွှဲပြောင်းအပ်နှံခြင်းတို့ကို ဆောင်ရွက်ရကြောင်းသိရသည်။
ထို့ကြောင့် ရှေးဟောင်းသုတေသနဆိုင်ရာတူးဖော်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ယဉ်ကျေး မှုသမိုင်းကြောင်းကို ဖော်ထုတ်ခြင်းဖြစ်ပြီး တူးဖော်တွေ့ရှိရသောဝတ္ထုပစ္စည်းများသည် ၎င်းယဉ်ကျေးမှုခေတ်ကာလလူသားများ၏ ဗိသုကာ၊ အနုပညာ၊ အတတ်ပညာနှင့် လူမှုဘဝတို့ကို လေ့လာသုံးသပ်နိုင်သော အထောက်အထားများဖြစ်ကြောင်း သုတေသနပြုတူးဖော်တွေ့ရှိအစ္စည်းများကို စိတ်ဝင်စားသူများလာရောက်လေ့လာနိုင်ကြောင်းသိရသည်။
ဒီပါလင်း