နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း ဥတ္တရသီရိမြို့နယ်အတွင်းမှ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၁)တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား တက်ရောက်

ဥတ္တရသီရိ မေ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းမှ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)တွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊ ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရးမှူးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)တွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းက   ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအား ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအနေဖြင့် နိုင်ငံတော်အပေါ်သစ္စာစောင့်သိမှု၊ စည်းကမ်းလိုက်နာမှုနှင့် ကိုယ်ကျိုးမဖက် စွန့်လွှတ်အနစ်နာခံမှုတို့ဖြင့်ပေးအပ်လာသော တာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ခဲ့ကြသူများအဖြစ် ဂုဏ်ယူမှတ်တမ်းတင်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းများသည် စစ်မှုထမ်းကာလပြီးဆုံးသွားပြီဖြစ်သဖြင့် မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှုထမ်းဆောင်လိုပါက ထမ်းဆောင်နိုင်ပါကြောင်းနှင့် အလုပ်အကိုင်ရရှိရေးများနှင့်ပတ်သက်၍လည်း မိမိတို့ဆန္ဒပြုသည့်အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်တွင်း/ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီများနှင့်ချိတ်ဆက်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်း‌နောက် ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)တွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများအား နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများက ဆန်၊ ဆီနှင့် လူသုံးကုန်ပစ္စည်းများပေးအပ်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁/၂ဝ၂၄)မှ တာဝန်ကျေပွန်စွာထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသူများ၏ကိုယ်စား ဦးထွန်းထွန်းနိုင်မှ ကျေးဇူးတင်စကားပြန်လည်‌ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်အပေါ် နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းက လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)