မိုင်းဆတ်မြို့၊ မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် မေ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနသည် အများပြည်သူများ မီးဘေးအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာများ မပျက်စီး၊ မဆုံးရှုံးစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲလင်းအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်များမှအုပ်ချုပ်ရေးမှူးများက မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ ဈေးဆိုင်များတွင်ထားရှိသော မီးသတ်ဆေးဗူးများ ကောင်းမွန်မှုရှိ/မရှိနှင့် လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန်မှုရှိ/မရှိတို့ကို စစ်ဆေးပြီး ဈေးသည်များအနေဖြင့် ဈေးဆိုင်များပိတ်သိမ်းချိန်တွင် မီးကြွင်း၊မီးကျန်များ စနစ်တကျငြိမ်းသတ်ရေးတို့ကို အသိပညာပေးဟောပြောကာ မီးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့မဈေးအရှေ့တွင် မီးငြိမ်းသတ်ခြင်းသရုပ်ပြသပြီး ဈေးသည်များအား လက်တွေ့စမ်းသပ်မီးငြိမ်းသတ်ခြင်းများ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)