ပင်းတယ မေ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံး အစည်းအဝေးခန်းမ(၁)တွင် ယမန်နေ့ နေ့မွန်းလွဲပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အစိုးရသစ်လက်ထက်ရက် (၁၀၀) အတွင်းဆောင်ရွက်မည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းကိုယ်စား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ အလုပ်အမှုဆောင်ကော်မတီဝင်(စီးပွား/ဘဏ္ဍာ) ဦးဟိန်းထက်ဇော်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ အလုပ်အမှုဆောင်ကော်မတီဝင်များနှင့်တာဝန်ရှိသူများက စိုက်ပျိုးစရိတ်ချေးငွေများကိုပေးအပ်ရာ တောင်သူများကလက်ခံရယူခဲ့ကြောင်းသိရပြီး တောင်သူများကိုယ်စားတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေမှာ တစ်ဧကလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် တောင်သူစုစုပေါင်း (၁၄၅၁) ဦးအတွက် စုစုပေါင်းငွေကျပ်(၂၃၁၁ ဒသမ ၀၀) သန်းကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)