နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် မေ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာ၌ ဒေသတွင်းစီးပွားရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ၊ အရင်းအနှီးနှင့်ဈေးကွက်ရရှိရေးတို့ကို ဌာနဆိုင်ရာများက ဝိုင်းဝန်းပံ့ပိုးကူညီပေးကြရန်လိုအပ်ကြောင်း၊ ဒေသတွင်း MSME လုပ်ငန်းများ ပေါ်ထွက်လာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာကာ ဒေသခံပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ပေးနိုင်မည်ဖြစ်သည့်အတွက် ကဏ္ဍအလိုက်ဟန်ချက်ညီညီ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုနယ်မြေအတွင်း ရာသီဥတုပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့်စုဖွဲ့ခြင်းလုပ်ငန်းများကိုလည်း စနစ်တကျပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် မကျရောက်မီကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ ရေကြီးရေလျှံမှုနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လာပါက အရေးပေါ်တုံ့ပြန်နိုင်မည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားရှိရမည်ဖြစ်‌ကြောင်း၊ ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်ကို စိမ်းလန်းစိုပြည်သော မြို့ပြ (Green City)၊ သန့်ရှင်းသပ်ရပ်သော မြို့ပြ (Clean City) နှင့် ခေတ်မီနည်းပညာအခြေပြု စမတ်မြို့ပြ (Smart City) အဖြစ် ဘက်စုံကဏ္ဍစုံမှ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် Green City ဖြစ်လာစေရန်အတွက် ဥပဒေနှင့် မူဝါဒများကို တိကျစွာချမှတ်အရေးယူခြင်း (Policy & Law Enforcement)၊ မြို့တွင်း သစ်ပင်စိုက်ပျိုးခြင်းနှင့် အစိမ်းရောင်နယ်မြေများတိုးချဲ့ခြင်း (Urban Greening)၊ စွမ်းအင်သက်သာပြီး သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော စွမ်းအင်များသုံးစွဲခြင်း (Sustainable Energy)၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ် (Green Transportation)၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုစနစ် (Water Management)ကို စနစ်တကျအကောင်အထည်ဖော်ခြင်းနှင့် ပြည်သူလူထု ကိုယ်တိုင်ပူးပေါင်းဝင်လာစေခြင်း (Public Participation) စသည့် အခြေခံအင်္ဂါရပ်များကို ဟန်ချက်ညီညီ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ Clean City ကဏ္ဍနှင့် ပတ်သက်၍ မြို့တော်အတွင်း သန့်ရှင်းသာယာရေးအတွက် လိုအပ်သည့် မူဝါဒနှင့် ဥပဒေများချမှတ်ခြင်း၊ အခြေခံအဆောက်အအုံများတည်ဆောက်ခြင်း၊ အမှိုက်စီမံခန့်ခွဲမှုစနစ်ကို စနစ်တကျတည်ဆောက်ခြင်း၊ ပြည်သူလူထုပါဝင်မှုမြှင့်တင်ခြင်းနှင့် အသိပညာပေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် ဥပဒေလိုက်နာမှုရှိစေခြင်း၊ နည်းပညာများအသုံးပြု၍ ကျန်းမာရေးနှင့် လုံခြုံရေးထိန်းသိမ်းခြင်းတို့ကို အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းမှာကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)