ညောင်ဦးမြို့နှင့် ကျောက်ပန်းတောင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

ညောင်ဦး  ဩဂုတ်  ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မြန်ဆန်စွာရရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ညောင်ဦးခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးကျော်လွင်ဦး (ဒုတိယညွှန်ကြားရေးမှူး) ဦးဆောင်သောဝန်ထမ်းအဖွဲ့များသည် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့လည်း ကျောက်ပန်းတောင်းမြို့နယ် ဦးစီးမှူး ဦးမြင့်သန်း ဦးဆောင်သော ဝန်ထမ်းအဖွဲ့များက ကွင်းဆင်းကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးသည်။

အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံသားတိုင်း လာမယ့်နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးမှာ မဲပေးခွင့်မဆုံးရှုံးစေရေနှင့် မဲဆန္ဒရှင်စာရင်းများဖော်ပြရာမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်အချက် အလက်မပြည့်စုံမှုမရှိစေဖို့အတွက် အခုလို ပြည်သူများထံအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ညောင်ဦးခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်လွင်ဦး (ဒုတိယညွှန်ကြားရေးမှူး)က ပြောသည်။

 မောင်မောင်ထိန်(ကျောက်ပန်းတောင်း)