တာချီလိတ် မေ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်ရည်ရွယ်၍ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပသည်။
ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန့်ပေါ်လင်းက သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီးရေလျှံမှု၊ မီးလောင်မှု၊ မြေပြိုမှု၊ လေပြင်းတိုက်ခတ်မှု၊ ငလျင်ဘေးစသည့် အန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဘေးအန္တရာယ်ကျရောက်စဉ် လိုက်နာဆောင်ရွက်သင့်သည့်အချက်များနှင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သည့် သဘာဝဘေးများအားသတိပြုနေထိုင်ကြရန်၊ မိသားစုအလိုက်အရေးပေါ်ဆက်သွယ်ရေးအစီအစဉ်များ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့်လူမှုအသိုင်းအဝိုင်းအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန့်ပေါ်လင်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ထွေးနှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁၀)မှ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)