ထားဝယ် ဩဂုတ် ၆
တနင်္သာရီတိုင်းဒေသကြီး ပြတိုက်နှင့်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး ပြတိုက်နှင့်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးကျော်မင်းက ပြတိုက်နှင့်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအား ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ အခြားလိုအပ်သော ဌာနများကိုလည်း ထည့်သွင်းဖွဲ့စည်းသွားမည်ဖြစ်ကြောင်း စာကြည့်တိုက်များတွင် အများပြည်သူစိတ်ပါဝင်စားစွာ စာပေဖတ်ရှုနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအထိ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း၊ Book Club၊ စာပေပညာရှင်များနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ အသိပညာမြင့်မားရေးအတွက် စာကြည့်တိုက်၏အခန်းကဏ္ဍသည်အလွန်အရေးကြီးပါကြောင်း၊ ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာကြည့်တိုက်များအသိအမှတ်ပြုလက်မှတ်ပြုလုပ်ဆောင်ရွက်ရေးနှင့် စာကြည့်တိုက်များရှင်သန်ခိုင်မာစေရေးအတွက် ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြတိုက်နှင့်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဝင်များက ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ပြတိုက်နှင့်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်း အမြစ် ဝန်ကြီး ဦးကျော်မင်းက လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်(ထားဝယ်ခရိုင်ပြန်/ဆက်)