သီပေါမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း အချက်အလက်များမှန်ကန်မှုရှိစေရေး ပြင်ဆင်လျှောက်ထား

သီပေါ  သြဂုတ် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် မဲဆန္ဒရှင် စာရင်းများ  ကပ်ထားကြေညာလျက်ရှိရာ မဲစာရင်းများ၌အချက်အလက်များ မှန်ကန်ပြည့်စုံမှု ရှိစေရေးအတွက် ပြည်သူများက လာရောက်ကြည့်ရှု ပြီး ပြင်ဆင်ရန်ရှိသည့် အချက်အလက်များကို ပြင်ဆင် လျှေက်ထားလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ပြင်ဆင်လိုသည့် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း၊ သြဂုတ်လ ၅ ရက်နေ့ ညနေပိုင်းအထိ မဲစာရင်းကြည့်ရှုသူ(၁၄၅၃၀)ဦးရှိပြီး မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန် တောင်းဆိုလွှာ ပုံစံ(၃)ဖြင့် လျှောက်ထားသူ(၁၀၇)ဦး၊ မဲစာရင်းနှင့်စပ်လျဉ်းသော ကန့်ကွက်လွှာ ပုံစံ(၄)ဖြင့် လျှောက်ထားသူ (၁၂၆)ဦး၊မဲစာရင်းနှင့်စပ်လျဉ်းသောပုံစံ(၄−ဂ)ဖြင့် လျှောက်ထားသူ(၁၈၀)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုင်းမင်းလွင်ထံမှ သိရသည်။

သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် မဲဆန္ဒရှင်(၆၇၅၀၂)ဦး၊ မဲဆန္ဒနယ်အမှတ်(၂)တွင် မဲဆန္ဒရှင် (၆၈၂၉၇) ဦး၊ မဲဆန္ဒနယ် အမှတ်(၁)နှင့်(၂)တွင်လျာထားမဲရုံ(၁၁၁)ရုံရှိပြီးပထမအကြိမ်ကပ်ထား ကြေညာသည့် မဲဆန္ဒရှင် ဦးရေ စုစုပေါင်း(၁၃၅၇၉၉) ဦး ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)