ရှမ်းပြည်နည်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ကျောက်မဲမြို့တွင် တည်ဆောက် နေသည့် Muti Purpose Shelter နှင့် မြေထိန်းနံရံတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

ကျောက်မဲ     ဩဂုတ်  ၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်သည် ယမန်နေ့နံနက် ၁၂ နာရီ အချိန်က ကျောက်မဲမြို့၊ အမှတ် ၉ ရပ်ကွက် ၊ တိလင်ရပ်၊ လွယ်ခွန်တောင်တွင် တည်ဆောက်နေသည့်  ဘက်စုံသုံး ဘေးဒဏ်ခံ အဆောက်အဦး (Muti Purpose Shelter)နှင့် အမှတ် ၉ ရပ်ကွက် ၊ နယ်မြေ ၁၂ ၊ တိလင်ဘုန်းတော်ကြီးကျောင်းအနီးရှိ မြေထိန်းနံရံ တည်ဆောက်နေမှုတို့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘေးဒဏ်ခံအဆောက်အဦး(Muti Purpose Shelter) ကို သဘာဝဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များ ကြောင့် တိမ်းရှောင်ရောက်ရှိလာသော ဘေးဒဏ်သင့်ပြည်သူများ ယာယီရပ်နားနိုင်ရန်အတွက် ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်ပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေကျပ် ၁၇၂ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သော ဇင်ယော်စံကုမ္မဏီက ဧပြီ ၂၅ ရက်နေ့မှစ၍ ဆောက်လုပ်ခဲ့ကာ ယခုအခါ ၃၅ ရာခိုင်းနှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း၊ အောက်တိုဘာလအတွင်း အပြီး ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ အမျိုးသားသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေ ရန်ပုံကျပ် သိန်း၁၅၀ နှင့်  ဒေသခံ ပြည်သူများ၏ထည့်ဝင်ငွေများဖြင့် တည်ဆောက်လျက်ရှိသော တိလင်ဘုန်းတော်ကြီးကျောင်းအနီးရှိ မြေထိန်းနံရံကိုလည်း အောက်တိုဘာလအတွင်း အပြီးဆောက်လုပ် သွားမည်ဖြစ်ကြောင်းသိရသည်။

မိုင်းထွန်း(ပြန်/ဆက်)