ဇလွန်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဇလွန် မေ ၂၆

ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အ.ထ.က(၁) ဇလွန် အမျိုးသားကျောင်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို အ.ထ.က(၁)ဇလွန် Grade-9 ကျောင်းသား၊ ကျောင်းသူလေးများက ပညာပန်းခင်းသီခြင်းဖြင့် သီဆို၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးချိုမြင့်ခိုင်က အမှာစကားပြောကြားခဲ့သည်။

ယင်းနောက်ဟင်္သာတခရိုင် ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ်စန်းယုမော်က ကျောင်းအပ်နှံရေးနှင့်ပတ်​သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချိုမြင့်ခိုင်နှင့်တာဝန်ရှိသူများက နိုင်ငံတော်မှအခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးပုံနှိပ်၊ ဗလာ စာအုပ်၊ ခဲတံနှင့်ကျောင်းဝတ်စုံများကို အသီးသီး ပေးအပ်ခဲ့ကြပြီး အ.ထ.က(၁)ဇလွန် Grade-8 မှ ကျောင်းသား၊ ကျောင်းသူ​လေးများက ဘက်စုံပညာရည်တို့ လှမ်းချီသီချင်းသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဝေယံ