ချမ်းမြသာစည် မေ ၂၈
မြန်မာ-ဂျပန်မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များအသင်း (MABA) ၏ (၁ဝ)နှစ်ပြည့်အခမ်းအနားနှင့် Mandalay -Japan Festival” ပြပွဲ၊ ပြိုင်ပွဲများကို လာမည့် ဇွန် ၆ ရက်နှင့် ၇ ရက်တို့တွင် မန္တလေးမြို့၊ မင်္ဂလာမန္တလေး (Promotion Area)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ညနေပိုင်းက မင်္ဂလာမန္တလေး unit 6 တွင် ကျင်းပသည်။
မြန်မာနိုင်ငံရှိ ဂျပန်ကုန်သည်ကြီးများအသင်းဝင် ကုမ္ပဏီများ၏ ပြခန်းများအပြင်၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား အကျိုးတူပူးပေါင်းဆွေးနွေးပွဲများကို ထည့်သွင်းကျင်းပသွားမည် ဖြစ်ပြီး ပွဲတော်သို့လာရောက်ကြသူများ စိတ်ဝင်စားစေမည့် ဂျပန်ရိုးရာ ယုကတ( Yukata) ဝတ်ဆင်၍ ဓာတ်ပုံရိုက်ကူးခြင်း၊ ဂျပန် Bon Odori ဖျော်ဖြေမှု၊ Japan Foundation မှ Quiz ပြိုင်ပွဲနှင့် မြန်မာ Cosplay As-sociation အသင်းတို့၏ တင်ဆက်မှုများ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ တိုင်းရင်းသားရိုးရာအကပဒေသာများ၊ မန္တလေးမြို့ခံ အနုပညာရှင်များ၏ ခေတ်သုံးခေတ် ဝတ်စားဆင်ယင်မှုအကအလှများနှင့် မြန်မာ့ရိုးရာဆင်အက စသည့် ဖျော်ဖြေရေး အစီအစဉ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါပွဲတော်တွင် ပြခန်းနှင့်ဈေးရောင်းပွဲတော်ဆိုင်ခန်း (Sales Booth)စုစုပေါင်း ၉၄ ခန်းကို ဇုန်ကြီး လေးဇုန်ခွဲ၍ စနစ်တကျခင်းကျင်းပြသသွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် မြန်မာ-ဂျပန် မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားထား သူများအပါအဝင် ပြည်သူဧည့်သည်တော် တစ်သောင်းခန့် လာရောက်ဆင်နွှဲကြမည်ဟု ခန့်မှန်းထားကြောင်းနှင့် အထိမ်းအမှတ်အနေဖြင့် MABA (၁၀) နှစ်ပြည့်မဂ္ဂဇင်းကိုလည်း ပွဲတော်အမီ ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
အလင်းသစ်