မိုးနဲမြို့နယ်၌ ခေါင်နှံမျိုးသန့်ပွားစိုက်ခင်းအတွက် ခေါင်နှံဖြင့် ပျိုးထောင်မှုသရုပ်ပြစိုက်ပျိုး

မိုးနဲ မေ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၈ နာရီက နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၉၈) တောင်သူ ဦးစိုင်းမြင့်ဝေ၏ လယ်မြေနေရာတွင် DU-12 မျိုး ခေါငနှံမိုးစပါး စိုက်ပျိုးရန် ဘောင်ပျိုးစနစ်ဖြင့် မျိုးစေ့ချပျိုးထောင်ခြင်းနှင့်အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

မိုးနဲမြို့နယ်အတွင်း ယခုနှစ် မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအဖြစ် ခေါင်နှံ ၂ ဧကနှင့်အခြား မျိုးစေ့ထုတ်လုပ်ငန်း ၅၀ ဧက စုစုပေါင်း ဧက ၅၂ ကို စိုက်ပျိုးသွားရန် လျာထားကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း စိုက်ပျိူးနည်းစနစ်မှန်ကန်စေရေး၊ စပါးမျိုးအလိုက် စိုက်ပျိုးချိန်မှန်ကန်စေရေး၊ သွင်းအားစုများစနစ်တကျသုံးစွဲတတ်စေရေး စသည်တို့ကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများအား လက်တွေ့သရုပ်ပြသခြင်းနှင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်၊၊

အဆိုပါ မိုးစပါးစိုက်ပျိုးရန် ခေါင်နှံဖြင့်မျိုးသန့်ပွားရန်ပျိုးထောင်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ငန်းအတွက် မျိုးစေ့ချပျိုးထောင်ခြင်းဖြင့် တောင်သူများအတွက် စပါးမျိုးကောင်း မျိုးသန့်ပွားများလာစေရန်၊  မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်လာပြီး စားသုံးမှုဖူလုံစေရန်၊ မျိုး‌ကောင်းမျိုးသန့် လွယ်ကူစွာရရှိနိုင်ရန်၊ တောင်သူများ ကိုယ့်မျိုးကိုယ်ထားစနစ်ဖြင့် ခေါင်နှံမျိုးသန့်ပွား ဆောင်ရွက်တတ်စေရန်နှင့် အကျိုးအမြတ် ပိုမိုရရှိလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်၊၊

မျိုးညွန့်ရွှေ(မိုးနဲ)