မိုင်းယောင်းမြို့နယ် မိုးလုံလေလုံအားကစားရုံ Facility Quarantine Center တွင် နေရပ်ပြန်လေးဦး စောင့်ကြပ်ထားရှိ

မိုင်းယောင်း ဩဂုတ် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန် လေးဦးကို ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားရုံ Facility Quarantine Center ၌ အသွားအလာကန့်သတ်ကာလ ၂၁ ရက် စောင့်ကြပ်ကြည့်ရှုထားရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ပြည်ပမှပြန်လာသူများကို အသွားအလာကန့်သတ်ကာလ ၂၁ ရက် စောင့်ကြပ် ကြည့်ရှုထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဝင်များက နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်လျက် ရှိကြောင်း၊ အသွားအလာကန့်သတ်ကာလ ၂၁ ရက်ပြည့်မြောက်သူများ၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်များကို အမျိုးသားဓါတ်ခွဲဌာန(ရန်ကုန်)သို့ ပေးပို့ဆေးစစ်ပြီး ရောဂါပိုးမတွေ့ရှိရသူများအား နေအိမ်ပြန်ခွင့်ပြုကာ Home Quarantine ခုနစ်ရက်လည်း နေထိုင်မှုများ ဆောင်ရွက်ကြောင်း သိရသည်။

မြို့နယ်မိုးလုံလေလုံအားကစားရုံ Facility Quarantine Center တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ၊ လက်ဆေးနည်း အသိပညာပေး ပိုစတာများ ချိတ်ဆွဲထားရှိပေးခြင်း၊ လက်ဆေးဘေစင်များ တပ်စင်ပေးထားမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)