တန့်ယန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

တန့်ယန်း ဇွန် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်လွင်၊ စီမံကိန်းကျေးရွာများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား သုံးသပ်ဆွေးနွေးပြီး စီမံကိန်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကာ စီမံကိန်းအားအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာများမှကိုယ်စားလှယ်များက တွေ့ကြုံရသည့် အခက်အခဲများအား ရှင်းလင်းတင်ပြကြရာ စီမံကိန်းတာဝန်ခံများနှင့် တာဝန်ရှိသူအသီးသီးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)