ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဟိုပုံး ဇွန် ၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လွင်လွင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်မှ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ် ရက်(၁၀၀) စီမံချက်ဖြင့် ‌ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဆောင်ရွက်မည့် လွယ်အွန့်ကျေးရွာအားရန်ပုံငွေနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် ပထမဆုရရှိသော လွယ်အွန့်ကျေးရွာအုပ်စု၊ ရန်ကင်းကျေးရွာကိုလည်းကောင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာဦးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် ဒုတိယဆုရရှိသော ပေါင်လင်းကျေးရွာအုပ်စု၊ ဗန့်ပိန်း ချင်းကုန်း‌ ကျေးရွာကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်လွင်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် တတိယဆုရရှိသော ပေါင်လင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျေးရွာကော်မတီဝင်များမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်နေမှု အခြေအနေများအား ပြန်လည်ဆန်းစစ်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)