မိုးနဲ ဇွန် ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် ဦးငိုဘွယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ကိုယ်စားလှယ် ဦးစိုင်းပင်ဖတို့က အဖွင့်မိတ်ဆက်စကားအသီးသီးပြောကြားခဲ့ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်ခိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာ ၁၆ ရွာမှ တက်ရောက်လာသောအဖွဲ့ဝင်များက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသောအခက်အခဲနှင့် အားနည်းချက် အားသာချက်များကို သုံးသပ်ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်ဦးစီးမှူးက လိုအပ်ချက်များကို အကြံပြု ဆွေးနွေးခဲ့သည်။
မိုးနဲမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ ယူနစ်ပေါင်း ၂၄ ယူနစ်မှ ကျေးရွာပေါင်း ၄၃ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းရန်ပုံငွေကြောင့် ကျေးရွာများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကြပြီး မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)