ကျောက်မဲမြို့ အမှတ် (၇) ရပ်ကွက်၌ ကိုယ့်အားကိုယ်ကိုး အေးသာယာကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကျင်းပ

ကျောက်မဲ ဇွန် ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် (၇) ရပ်ကွက်၊ နယ်‌မြေ ၉/၁၀ ရှိ အေးသာယာလမ်းတွင် ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောင်ရွက်ခဲ့သည့် အေးသာယာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂ ရက် နံနက် ၉ နာရီက အဆိုပါလမ်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ဟိုတယ်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက အဖွင့်အမှာစကား ပြောကြားရာ၌ မိမိအနေဖြင့် ကျောက်မဲမြို့သို့ ရောက်ရှိစဉ် ပြည်သူများနှင့် တွေ့ဆုံရာတွင် မိုးရာသီ သွားလာရေးအဆင်ပြေစေရန် ကွန်ကရစ်လမ်းခင်းပေးရန် တင်ပြချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ လမ်းဖြစ်မြောက်ရေးအတွက် လှူဒါန်းပေးခဲ့သည့် Great Glory Co., Ltd မှ Managing Director ဦးမြတ်နိုးအောင်နှင့် မိသားစုအား ကျေးဇူးတင်ရှိကြောင်းနှင့် လမ်းများ ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက ကွန်ကရစ်လမ်းအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက အေးသာယာ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ အေးသာယာလမ်းမှာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူစည်ကားရာ လမ်းတစ်ခုဖြစ်ပြီး ယခင်က မြေသားလမ်းဖြစ်၍ မိုးရာသီတွင် လမ်းများပျက်စီးကာ ချိုင့်ခွက်နှင့် ရေအိုင်များကြောင့် သွားလာရေး အခက်အခဲကြုံတွေ့ခဲ့ရသည်။ ယခုအခါ အလှူရှင် ဦးမြတ်နိုးအောင် (Great Glory Co., Ltd) မိသားစု၏ ပံ့ပိုးမှု၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် လမ်းကော်မတီတို့၏ ကြီးကြပ်မှု၊ ရပ်ကွက်သူရပ်ကွက်သားများ၏ စုပေါင်းအင်အားဖြင့် ရေစီးရေလာကောင်းမွန်သော ကွန်ကရစ်လမ်းသစ်အဖြစ် အောင်မြင်စွာ ပြောင်းလဲခင်းကျင်းနိုင်ခဲ့သဖြင့် ရပ်ကွက်နေ ပြည်သူများမှာ မိုးတွင်းကာလ သွားလာရေးအတွက် စိုးရိမ်ပူပန်စရာ မလိုတော့ဘဲ ရာသီမရွေး စိတ်အေးချမ်းသာစွာ သွားလာနိုင်ကြပြီဖြစ်၍ အထူးဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

ယင်း ကွန်ကရစ်လမ်းသစ်သည် အလျား ၁၁၀၀ ပေ၊ အနံ ၁၈ ပေ၊ ထုထည် ၄ လက်မရှိပြီး လုပ်ငန်းများကို မေ ၅ ရက်တွင် စတင်ကာ မေ ၁၅ ရက်၌ အမြန်ပြီးစီးခဲ့ကြောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် လမ်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ရေနုတ်များကိုပါ တစ်ပြိုင်နက်တည်း ထည့်သွင်းဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်