မိုင်းဆတ် ဇွန် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်အဆင့်အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် ခရိုင်အမျိုးသမီးကော်မတီအဖွဲ့ဝင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အမျိုးသမီးများအား ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေးနှင့် ဆက်သွယ်ရေးဆိုင်ရာအကြမ်းဖက်မှုများ၊ ကျားမ အခြေပြုအကြမ်းဖက်မှု၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုပြောကြားကာ မြို့နယ်ဥပဒေအရာရှိ ဦးကောင်းထက်မင်းက အမျိုးသမီးများနှင့် သက်ဆိုင်သောဥပဒေရေးရာများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများ၏ သိရှိလိုသည့်မေးမြန်းချက်များကို တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးပြီး အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)