မိုင်းရယ် ဇွန် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် လွယ်ဆိုင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးနှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူ လွယ်ဆိုင်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းကျင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီးနောက် မြို့နယ်ဦးစီးမှူးက ကျေးရွာကော်မတီဝင်များကို ဆောင်ရွက်ပြီး ကွန်ကရစ်လမ်းအား အကျိုးရှိစွာ အသုံးပြုကြရန်နှင့် ရေရှည်အသုံးပြုနိုင်ရေးအတွက် ဒေသခံပြည်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
မိုင်းရယ်မြို့နယ် လွယ်ဆိုင်ကျေးရွာ၌ အရှည် ၂၇၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျပ် ၁၅ သန်း၊ ကျေးရွာ ပြည်သူလူထုထည့်ဝင်ငွေ ကျပ် ၁ ဒသမ ၄ သန်း စုစုပေါင်း ငွေကျပ် ၁၆ ဒသမ ၄ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် မေလ ၁၁ ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် အဆိုပါကျေးရွာရှိ ပြည်သူများအနေဖြင့် လူမှုစီးပွားဘဝများ ပိုမိုတိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)