တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဒုတိယနေ့ ဆက်လက်ကျင်းပ

ဟားခါး ဇွန် ၅

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဒုတိယနေ့ကို ဇွန် ၅ ရက် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယနေ့စတင်ကျင်းပကြောင်းနှင့် တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။

ယင်းနောက် ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးပေါင်ဇလန်းအား ကော်မတီအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် လွှတ်တော်၏ သဘောထားရယူပြီး ချင်းပြည်နယ်လွှတ်တော်က သဘောတူကြောင်း အတည်ပြုသည်။ ဆက်လက်ပြီး ချင်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်ဌေးအား ကော်မတီအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန်နှင့် ချင်းပြည်နယ်ဥပဒေပြုရေးကော်မတီဥက္ကဋ္ဌ ဦးပေါင်ဇလန်းအစား ဗိုလ်မှူးအာကာကျော်မိုးအားဥက္ကဋ္ဌအဖြစ် အစားထိုးခန့်အပ်ရန် လွှတ်တော်၏ သဘောထားရယူပြီး ချင်းပြည်နယ်လွှတ်တော်က သဘောတူကြောင်း အတည်ပြုသည်။ ချင်းပြည်နယ်လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးပေါင်ဇလန်းအား ကော်မတီ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် လွှတ်တော်၏ သဘောထားရယူပြီး ချင်းပြည်နယ်လွှတ်တော်က သဘောတူကြောင်း အတည်ပြုသည်။ ချင်းပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင် ဦးပေါင်ဇလန်းအား နုတ်ထွက်ခွင့်ပြုရန်နှင့် ချင်းပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ဌေးအစား ဗိုလ်ကြီးဇော်ရဲနိုင်အား အတွင်းရေးမှူးအဖြစ် အစားထိုး တာဝန်ပေးအပ်ရန် သဘောထားရယူရာ တက်ရောက်လာသည့် ကိုယ်စားလှယ်များအားလုံး သဘောတူသည့်အတွက် လွှတ်တော်က သဘောတူကြောင်း အတည်ပြုသည်။

ယင်းနောက်ချင်းပြည်နယ်လွှတ်တော် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ အမည်စာရင်းတင်သွင်းခြင်းနှင့် ချင်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာအမည်စာရင်း တင်သွင်းခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ကော်မတီများ၏ သက်တမ်း၊ တာဝန်များ၊ လုပ်ငန်းများ၊ ကော်မတီများ အစားထိုးလဲလှယ်ခြင်း၊ ရပိုင်ခွင့်များ၊ ကောမတီမှ ရပ်စဲခြင်း၊ အရေးယူခြင်းဆိုင်ရာ ကိစ္စများကို ချင်းပြည်နယ်      လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦးက တင်ပြဆွေးနွေးပြီး တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နား ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့သို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၄) ဦး တက်ရောက်ကြကြောင်း သိရှိရသည်။

(ခရိုင် ပြန်/ဆက်)