ဟားခါး ဇွန် ၆
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် "ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ် အခမ်းအနားကို ဟားခါးမြို့၊ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီတွင်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဟာဆိုရင် ၁၉၇၂ ခုနှစ်၊ ကုလသမဂ္ဂညီလာခံကနေ စတင်အခြေပြုခဲ့တာ (၅၄)နှစ်မြောက်ရှိပြီဖြစ်ပါကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် တစ်ကမ္ဘာလုံးမှာ အခမ်းအနားကျင်းပကြတာဖြစ်ကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရန် အရေးကြီးကြောင်း၊ ကမ္ဘာကြီးကို အသိဉာဏ်အမြင့်မားဆုံးဖြစ်တဲ့ လူသားတွေက ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ၂၀၂၆ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ကတော့ "ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်စို့"(A Global Call For Climate Action) ဖြစ်ပါကြောင်း၊ တစ်ကမ္ဘာလုံးက စုပေါင်းလှုပ်ရှားမှသာ ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ လူထုစည်းရုံးရေးကို အခြေခံပညာကျောင်းက စတင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာကနေ မြန်မာတစ်နိုင်ငံလုံး စိမ်းစိုသာယာလှပစေရန် ရေအရင်းအမြစ်တွေကို စောင့်ရှောက်ဖို့လိုအပ်ကြောင်း၊ လေကာပင်၊ အရိပ်ရပင်တွေ စိုက်ပျိုးထားမည်ဆိုပါက မုန်တိုင်းဒဏ်ခံနိုင်မည်ဖြစ်ကြောင်း၊ "ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်စို့" ဆောင်ပုဒ် အတိုင်း ရာသီဥတု ပြောင်းလဲမှုဖြစ်ပေါ်ရတဲ့အကြောင်းရင်းကို ဖော်ထုတ်ပြီး ကုစားကြရန်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ကြမယ်ဆိုရင် မိမိတို့နေထိုင်ရာ မြန်မာပြည်ကြီး သာယာလှပကာ ပြည်တွင်း၊ ပြည်ပ ခရီးသည်များ လာရောက်ပြီး လူမှုစီးပွားဘဝများစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၆ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် "ကမ္ဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့"အတွက် ကမ္ဘာ့ကုလသမဂ္ဂ(UN)နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP) တို့မှ ပေးပို့သည့် သဝဏ်လွှာ Videos Clip နှင့် ကမ္ဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Videos Clip များပြသသည်။
ယင်းနောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ကျင်းပသည့် အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု ၊ဒုတိယဆု၊ တတိယဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဆုများချီးမြှင့်ပေးပြီး အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအား ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးမြတ်စံက လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအား စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်ကလည်းကောင်း၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦးက လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်