မန္တလေး ဇွန် ၆
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့)ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့်တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးက မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၅)ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။ ထို့နောက် “စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်းတွင်ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး” အဆိုကို လွှတ်တော်သို့တင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း၊ ၎င်းအဆိုကိုဆွေးနွေးရန် သင့် / မသင့် လွှတ်တော်၏ သဘောထားရယူခြင်းတို့ ဆောင်ရွက်ရာ လွှတ်တော်က သဘောတူသည့်အတွက်အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့)ကို ရပ်နားကြောင်းနှင့် အစည်းအဝေး(စတုတ္ထနေ့)ကို ဇွန်လ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)