တာချီလိတ် ဇွန် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စက်မှုဇုန်အတွင်း လုပ်ငန်းဆောင်ရွက်နေသော လုပ်ငန်းရှင်များ စက်မှုစီးပွားမြေငှားဂရန် လျှောက်ထားခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် (၉)နာရီက ဆေခမ်းရပ်ကွက်ရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းစိုင်းက အမှာစကားပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်က စက်မှုစီးပွားမြေငှားဂရမ် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်မြေစာရင်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဆန်းမင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန့်ပေါ်လင်း၊ ကျိုင်းတုံမြို့၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းထွေးတို့က သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်ထားရှိမှုများ၊ မြေငှားဂရန်လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ၊ စိစစ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် မြေယာအသုံးချမှုဆိုင်ရာ သတ်မှတ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်သည့်ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း