တာချီလိတ် ဇွန် ၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဝမ်ကောင်းရပ်ကွက်၊ ဘုရင့်နောင်ဈေးလမ်း အရှည် ၁၀၈၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၁၀ လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း စီစဉ်ဆောင်ရွက်ထားရှိမှု၊ ပုန်းထွန်ရပ်ကွက်၊ အမှတ်(၆)လမ်း၊ အလူရာဟိုတယ်အနီး မယ်ဆိုင်ချောင်းကမ်းဘေး အရှည် ၁၄၂၀ ပေရှိ မြေထိန်းနံရံတည်ဆောက်ထားရှိမှုနှင့် ပုန်းထွန်လမ်းသွယ်(၁)ရှိ Box Culvert တစ်စင်း တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံ့ရှင်းလင်းပြသခဲ့ပြီး ဆန်ဆိုင်း(က)ရပ်ကွက်ရှိ UBl ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးလုပ်ငန်းသို့သွားရောက်၍ မြို့သန့်ရှင်းရေးနှင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့်တာဝန်ရှိသူများက မြို့ရေပေးဝေရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် မယ်ခေါင်ချောင်းအတွင်း နုံးဆယ်ယူနေမှုနှင့် ရွှေဝါနဒီ ပန်းခြံတည်ဆောက်ထားရှိမှု အခြေအနေအားလည်းကောင်း၊ ထက်ကောင်းကင် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် မယ်ခေါင်ချောင်း ရေထိန်းတံခါး(Sluice Gate) တည်ဆောက်ထားရှိမှုနှင့် မယ်ဆိုင်ချောင်းရေ စီးဆင်းမှုအခြေအနေများကိုလည်းကောင်း၊ ဆေခမ်းရပ်ကွက်(စက်မှုဇုန်) အတွင်းရှိ ဝက်သားသတ်ရုံ စက်ရုံတည်ဆောက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ကွင်းဆင်းစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးက လုပ်ငန်းများပုံမှန်လည်ပတ်မှုရှိစေရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)