တပ်ကုန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းကျင်းပ

တပ်ကုန်း ဇွန် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် “အောင်သရဖူ” ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ မှန်ကန်သောအတွေးအခေါ်များဖြင့် အပြောအဆိုအတတ်ပညာများဖွံ့ဖြိုးစေရန်၊ ကျောင်းစာများအပြင် ပြင်ပစာပေဗဟုသုတများပိုမိုရရှိစေရန်၊ စာကြည့်တိုက်နှင့်ပိုမိုကျွမ်းဝင်ရင်းနှီးလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းကို  ယမန်နေ့ ­­­မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် “အောင်သရဖူ” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူတို့က စာရေးဆရာ အောင်ကိုဦး(UMK) ရေးသားထားသည့် “လူငယ်တွေ စဉ်းစားဖို့ (လူငယ်တို့အတွက် အတွေးစာစုများ)” စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများ ပြန်လည်ဆွေးနွေးခဲ့ကြပြီး၊ ဦးစီးအရာရှိနှင့် စာရေးဆရာမျိုးမြင့်(အောင်လံ)တို့က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး “အောင်သရဖူ” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ညိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထိုစာဖတ်ဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံစာစောင်များ၊ သုတရသစာအုပ်စာစောင်များအား တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက လေ့လာဖတ်ရှုကြကြောင်း သိရသည်။

တင်စိုးလွင်