မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးသစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းမြေမြှုပ်ပွဲကျင်းပ

မော်လမြိုင်ကျွန်း ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းမြေမြှုပ်ပွဲကို ယနေ့နံနက်(၉) နာရီအချိန်က ဝဲဒေါင့်ကျေးရွာတွင်ကျင်းပ ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ လပွတ္တာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန့်ကြားရေးမှူး ဦးဝင်းစိုး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးကြီး ကြပ်မှုကော်မတီဝင်များက ဝဲဒေါင့် ကျေးရွာအုပ်စု၊ ဝဲဒေါင့်ကျေးရွာ ကွင်းအမှတ် (၁၁၆၈-ခ)၊ ဦးပိုင်အမှတ်(၁၄/ ၅) တောင်သူ ဦးမြင့်ဇော်၏ လယ်ဧက (၃)ဧကရှိ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)အား ထယ်ထိုး ထည့်သွင်းမြေမြှုပ်ခြင်း ကြည့်ရှု့အားပေးခဲ့ကြသည်။

သစ်စိမ်းမြေဩဇာအများစုသည် ပဲမျိုးနွယ်ဝင်အပင်များဖြစ်ပြီး သစ်ဆွေးဓာတ် ပျှမ်းမျှ ၆၅% ခန့် ပါဝင်သဖြင့် ဆွေးမြေ့မှုမြန်ကာ မြေတွင်အဓိကနိုက်ထရိုဂျင်ဓာတ်နှင့် သစ်ဆွေးဓာတ်များရရှိခြင်း၊ သစ်စိမ်းမြေဩဇာသည် မိုးစပါးမစိုက်ပျိုးမီအချိန်တွင်ထည့်သွင်းစိုက်ပျိုး ရသဖြင့် ၄င်းအချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် အပင်အဟာရများ မဆုံးရှုံးစေဘဲသစ်စိမ်းမြေသြဇာအပင်မှ အပေါ်ယံနှင့် မြေအောက်လွှာများပါ အပင်အဟာရဓါတ်များ မြေအတွင်းပြန်ထည့်ပေးရာ ရောက်သဖြင့် အာဟာရဓါတ်များမဆုံးရှုံးစေခြင်း၊ မြေအောက်မှအာဟာရဓါတ်များကို မြေပေါ်သို့ပြန်တင်ပေးနိုင်ခြင်း၊ သစ်စိမ်းမြေဩဇာများ ကျွေးပေးခြင်းကြောင့် မြေတွင်သစ်ဆွေးဓာတ် ကြွယ်ဝလာစေသဖြင့် မြေဆီလွှာဖွဲ့စည်းမှု ရေထိန်းသိမ်းနိုင်မှု လေဝင်လေထွက်မျှတမှုများ ကောင်းစေပြီး စိုက်ပျိုးထားချိန်တွင် မြေကိုအကာအကွယ် သဘောရရှိစေသဖြင့် မြေဆီလွှာ တိုက်စားမှုဘက်မှလည်း ကာကွယ်ရာရောက်ခြင်း၊ သစ်စိမ်းမြေဩဇာကျွေးခြင်းကြောင့် ဓာတ်မြေဩဇာ၏ အကျိုးအာနိသင် ကောင်းမွန်လာစေခြင်းနှင့် အပင်အာဟာရဓာတ်များသည် သီးနှံရယူနိုင်သော ပုံစံများအဖြစ် ကြာရှည်စွာထိန်းသိမ်းထားနိုင်ခြင်း၊ သစ်စိမ်းမြေဩဇာအပင်များသည် ကြီးထွားမှုမြန်ပြီး မြေပေါ်သို့ အချိန်တိုအတွင်း ဖုံးလွှမ်းသွားနိုင်သဖြင့် သစ်စိမ်းချိန်များ ပေါက်နေချိန်တွင် ပေါင်းနှိမ်နင်းပေးရာ ရောက်စေပြီး အချို့သစ်စိမ်းပင်များ (ဥပမာ-ပိုက်ဆံလျှော်)ပင်အမြစ်မှ ပေါင်းသေစေနိုင်သော စစ်ထုတ်ရည်များ ထုတ်လုပ်ပေးနိုင်သဖြင့် နောက်စိုက်သော အဓိကသီးနှံတွင် ပေါင်းသက်သာစေခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူမှုအားကောင်းသဖြင့် ဖန်လုံးအိမ်ဓါတ်ငွေ့ကို လျော့ချနိုင်ပြီး ကမ္ဘာရာသီဥတုပြောင်းလဲမှုကိုအလိုက်အလျောက် ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရဲကိုမောင် (ပြန်/ ဆက်)