ပင်လောင်းမြို့နယ်၌ ကျောင်းဆောင်သစ် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပင်လောင်း ‌ဇွန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းစေတနာအဖွဲ့နှင့် ပြည်သူများပူးပေါင်းဆောက်လုပ်သည့် လုံးပြင်ကျေးရွာအုပ်စု၊ ပန်ကီကျေးရွာ အ.မ.ကကျောင်းဆောင်သစ်နှင့် ထီပေါင်းကျေးရွာအုပ်စု၊ ထီဝါးလီကျေးရွာ အ.မ.က ကျောင်းဆောင်သစ်တို့ကို ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ဇော်အောင်၊ မြို့နယ်ပညာရေးမှူး ဦးတင်ငွေနှင့် စန္ဒာခမ်းပအိုဝ်းစာပေနှင့်ယှဉ်ကျေးမှုအဖွဲ့ဝင်း ဦးခွန်ကျော်‌ဆွေတို့က အဖွင့်အမှာစကားပြောကြားပြီး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပအိုဝ်းဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ပြည့်ဖြိုးက နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ နီပွန်ဖောင်ဒေးရှင်းစေတနာအဖွဲ့ ဒေသဆိုင်ရာစီမံကိန်းဒါရိုက်တာ ဒေါ်အေးအေးသန့်က နီပွန်ဖောင်ဒေးရှင်းစေတနာအဖွဲ့မှ ကျောင်းဆောင်သစ်များဆောက်လုပ်ပြီးစီမှုအခြေအနေများနှင့် စီမံကိန်းမှအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းပြော ကြားကြသည်။

ထို့နောက် အ.မ.ကပန်ကီ၊ အ.မ.ကထီဝါးလီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် စေတနာရှင်အဖွဲ့တာဝန်ရှိသူတို့က ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို ပညာရေးဌာနထံသို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးတင်ငွေက လက်ခံရယူခဲ့ပြီး၊ အ.မ.ကပန်ကီ၊ အ.မ.ကထီဝါးလီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့က နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စေတနာရှင်အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ကျောင်းဆောင်သစ်အထိမ်းအမှတ်အလံငယ်များကို သက်ဆိုင်ရာနေရာအရောက် ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ထီဝါးလီအမကကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ စေတနာရှင်အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ဆရာ/ဆရာမများက အမှတ်တရစုပေါင်းဓာတ်ပုံရိုးကူးခဲ့ကြကြောင်း သိရသည်။

စေတနာအဖွဲ့မှ ပန်ကီကျေးရွာ အ.မ.ကကျောင်းဆောင်သစ် ၆၀ ပေ ၃၀ ပေ အုတ်နံရံ တစ်ထပ်ဆောင်နှင့် လေးပေပတ်လည် ရေလောင်ကန်နှစ်ကန်၊ ကျောင်းသားစာရေးစားပွဲနှင့်ထိုင်ခုံ (၂၄)စုံ၊ ဆရာ/ဆရာမစားပွဲနှင့်ထိုင်ခုံ (၃)စုံ၊ ဝှိုက်ဘုတ်(၃)ချပ် စုစုပေါင်းကုန်ကျငွေကျပ်သိန်း (၁၀၀,၀၄၉,၄၀၀)နှင့် ကျေးရွာပြည်သူလုပ်အားပေး(၃၈၈)ဦး၊ ထီပေါင်းကျေးရွာအုပ်စု၊ ထီဝါးလီကျေးရွာ အ.မ.က ကျောင်းဆောင်သစ် ၆၀ ပေ ၃၀ ပေ အုတ်နံရံတစ်ထပ်ဆောင်နှင့် လေးပေပတ်လည် ရေလောင်ကန် နှစ်ကန်၊ ကျောင်းသား စာရေးစားပွဲနှင့်ထိုင်ခုံ (၂၄)စုံ၊ ဆရာ/ဆရာမ စားပွဲနှင့်ထိုင်ခုံ (၃)စုံ၊ ဝှိုက်ဘုတ်(၃)ချပ် စုစုပေါင်းကုန်ကျငွေကျပ်သိန်း (၁၁၃,၃၄၄,၅၀၀)နှင့် ကျေးရွာပြည်သူ လုပ်အားပေး(၂၄၅)ဦးဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်