နမ့်စန်(တ) ဇွန် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ညွှန်ကြားရေးမှူး ဦးမင်းမင်းနှင့် ခရိုင်၊မြို့နယ်အဆင့် ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ ကြီးကြပ်မှုကော်မတီနှင့် စက်သုံးဆီအရောင်းဆိုင်များ တွေ့ဆုံလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ဦးစွာ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ညွှန်ကြားရေးမှူး ဦးမင်းမင်းက မိတ်ဆက် အမှာစကားပြောကြား၍ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများကို သတ်မှတ် ညွှန်ကြားချက် စည်းကမ်းများအတိုင်းလိုက်နာရောင်းချရန်နှင့် ဈေးနှုန်း အရည်အသွေးနှင့် သတ်မှတ်ပမာဏများ မှန်ကန်စွာရောင်းချရေးတို့ကို ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်အဆင့်ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် မြို့နယ်အဆင့်ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းတို့က ပြည်သူများစက်သုံးဆီ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်နေမှုအခြေအနေများကို ဆွေနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် နမ့်စန်မြို့နယ်နှင့် ကွန်ဟိန်းမြို့နယ်တို့မှ စက်သုံးဆီ အရောင်းဆိုင်တာဝန်ခံများက အခက်အခဲများကိုတင်ပြ၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ညွှန်ကြားရေးမှူး ဦးမင်းမင်း၊ ခရိုင် အဆင့်ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးသက်နိုင်၊ မြို့နယ်အဆင့်ရေနံထွက်ပစ္စည်းအရောင်းဆိုင်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းနှင့်တာဝန်ရှိသူများက နမ့်စန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်း၍ စက်သုံးဆီဈေးနှုန်း၊ အရည်အသွေးနှင့်ပမာဏများ မှန်ကန်စွာရောင်းချမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)