ကြံခင်း ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အ.ထ.ကရှိ တေဇခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတက်ရောက်နိုင်ရေး ဘာသာရပ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ဦးစွာ ဘက်ရဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ အေးသိင်္ဂီသင်းနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းကိုတို့က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)တွင် မွေးမြူရေးဘာသာရပ်ဆိုင်ရာများ သင်ကြားပေး နေမှု၊ အဆိုပါ ကျောင်းများတွင် Grade-8 အောင်မြင်ပြီးသူတိုင်း တက်ရောက်နိုင်ကြောင်း၊ အကယ်၍ အထက်တန်းပြီးပါက တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းရှင်၊ ကြက်၊ ဝက်၊ နွား၊ ဆိတ်မွေးမြူရေးခြံစီမံခန့်ခွဲ သူ၊ တိရစ္ဆာန်အစာထုတ်လုပ်ရေးလုပ်ငန်း၊ မွေးမြူရေးခြံ အကူဝန်ထမ်း၊ နည်းပညာဝန်ထမ်း၊ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာအကူအညီပေးသူများ လုပ်ကိုင်နိုင်မည့်အပြင် မွေးမြူရေးနှင့် ကုသရေးတက္ကသိုလ် တက်ရောက်သင်ကြားနိုင်သည့်အပြင်စသည့် အခွင့်အလမ်းကောင်းများရရှိလာနိုင်ကြောင်း၊ မိမိဘဝ ကိုရည်မှန်းချက် တိုးတက်နိုင်သဖြင့် တက်ရောက်သင့်သော ကျောင်းဖြစ်ကြောင်း ဆွေးနွေးဟောပြောခဲ့ကြသည်။ ထို့နောက် အ.ထ.က(ဘက်ရဲ) ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် မွေးမြူရေးနှင်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးများ၊ မြို့အုပ်ချုပ်ရေးမှူး၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများ၊ အ.ထ.က (ဘက်ရဲ) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ Grade-9 ၊ Grade-10 တို့မှ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)