ထားဝယ် ဇွန် ၉
မြန်မာကုမ္ပဏီအွန်လိုင်းစနစ် Myanmar Company Online System (MyCo)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ DDPC ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးစီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမောင်ကြီးက မြန်မာနိုင်ငံကုမ္ပဏီ ဥပဒေအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြဌာန်းခဲ့ပြီး Myanmar Company Online စနစ်အား ၂၀၁၈ ခုနှစ် သြဂုတ်လတွင်စတင် ကျင့်သုံးကာ ယနေ့အချိန်အထိဆောင်ရွက်လျက်ရှိရာ မြန်မာတစ်နိုင်ငံလုံးတွင် ကုမ္ပဏီပေါင်း ၁ သိန်း ၇ သောင်း ခန့်ဖွဲ့စည်းထားခဲ့ပြီး တနင်္သာရီတိုင်းအတွင်း၌ ၁၅၀၀ ခန့်ရှိကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏ စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရာတွင် ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီ ကုမ္ပဏီများတည်ထောင်ပြီး လုပ်ငန်းများလုပ်ကိုင်ကြစေလိုကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်ဆောင်ရွက်နေကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များထဲတွင် နိုင်ငံအတွင်း ဖွံ့ဖြိုးမှုအဆင့်၌ တနင်္သာရီတိုင်းဒေသကြီးသည် ဖွံ့ဖြိုးမှုအလယ်အလတ်အဆင့်တွင်ရှိသောကြောင့် စီးပွားရေးလုပ်ငန်းကြီးများ တည်ရှိရာ၊စီးပွားရေး မြို့တော်တစ်ခုဟု တင်စားနိုင်ကြောင်း၊ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များနှင့်မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ အထူးစိတ်ဝင်တစား လုပ်ကိုင်ဆောင်ရွက်နေကြသည့်တိုင်းဒေသကြီးတစ်ခုလည်း ဖြစ်ကြောင်း၊ Myanmar Company Online စနစ်အနေဖြင့် အများပြည်သူများအလွယ်တကူအသုံးပြုနိုင်ရန် ဆောင်ရွက်ခဲ့သော်လည်းအချို့ပြည်သူများအနေဖြင့် ဝင်ရောက်ဆောင်ရွက်ရန် အခက်အခဲ ရှိနိုင်ကြောင်း၊ သက်ဆိုင်ရာ ဌာနတာဝန်ခံများက ရှင်းပြဆွေးနွေးမည် ဖြစ်သောကြောင့် သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးနိုင်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ ဆိုင်ရာများဆွေးနွေးပြောကြားပြီး တာဝန်ရှိသူများက ကုမ္ပဏီဖွဲ့စည်းခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများ၊ MyCO စနစ် အသုံးပြုခြင်းဆိုင်ရာများအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမောင်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)