နေပြည်တော် ဇွန် ၉
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်း၏ ဝန်ဆောင်မှုအရည်အသွေး တိုးတက်ကောင်းမွန် လာစေရန် ရည်ရွယ်၍ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(၃)မျိုး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော် ကောင်စီဝင် ဦးမင်းဦး၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်အေးဟန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ ဟိုတယ် လုပ်ငန်းရှင်များ အသင်း (နေပြည်တော်ဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ဆိုင်ရာ ဆက်စပ် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမ များနှင့် သင်တန်းသား/သူများ ပါဝင်တက်ရောက်ကြပါသည်။
ရှေ့ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက အဖွင့်အမှာစကားပြောကြား၌ ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း၏ ဧည့်ဝန်ဆောင်မှုကဏ္ဍတွင်ရှိသည့် ဝန်ထမ်းများကိုအရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့်အတွက် မြို့တော်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးအဘက်ဘက်မှ ဝိုင်းဝန်းကူညီနေသကဲ့သို့ ဟိုတယ်၊မိုတယ်၊ တည်းခိုရိပ်သာများတွင် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေး၊ နိုင်ငံတော်ကချမှတ်ပေးထားသည့် Clean City, Green City , Smart City အမြန်ဆုံးဖြစ်စေရန်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်ပါကြောင်း၊ ခရီးသွားများအတွက် ခရီးလှည့်လည်သွားရောက်သည့် ခရီးစဉ်နေရာများ၊ ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်သည့် ဟိုတယ်၊မိုတယ်၊တည်းခိုခန်းများသည်အဓိကအခန်း ကဏ္ဍမှ ပါဝင်နေပါသဖြင့် ခရီးသွားဧည့်သည်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာအောင် နေပြည်တော် ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရန် ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးကဏ္ဍပေါင်းစုံ တိုးချဲ့ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ခရီးသွားဧည့်သည်များဝင်ရောက်မှု များလာသည်နှင့်အမျှ နေပြည်တော်တွင်ရှိသည့် ဟိုတယ်များသည် တင့်တယ်ထည်ဝါပြီး သန့်ရှင်းသပ်ရပ်လှပနေရမှာဖြစ်သလို ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများသည်လည်း ကျွမ်းကျင်မှု အရည်အသွေး ပြည့်ဝနေရမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် ဟိုတယ်လုပ်ငန်း၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နှင့်ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ပေးရန် အရေးပါသည့်သင်တန်းဖြစ်သည့်အတွက် သင်တန်း အောင်မြင်စွာပြီးမြောက်ပြီး လုပ်ငန်းခွင်တွင် လက်တွေ့အကျိုးရှိစွာ အသုံးချသွားကြရန်၊ သင်တန်းသား၊သင်တန်းသူများ အနေဖြင့်လည်း သင်တန်းကာလအတွင်း သင်ကြားပို့ချပေးသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာ သင်ယူကြပြီး လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချနိုင်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် လာရောက်လည်ပတ်ကြသည့် ဧည့်သည်များကိုပြည့်စုံသည့် ဝန်ဆောင်မှုများပေးကာ ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က သင်တန်းနည်းပြ များအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး အဆိုပါသင်တန်းကို သင်တန်းသား/သူ(၁၁၃) ဦးဖြင့် ရက်သတ္တပတ် လေးပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)