နေပြည်တော် ဇွန် ၁၁
နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမင်းဦးတို့သည် နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များ၊ ခရိုင်အထူးအဖွဲ့များ တက်ရောက်ခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက အမှာစကားပြောကြားရာတွင် တရားမဝင်ကုန်သွယ်ရေးနှင့်ပတ်သက်၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ ချမှတ်ပြဋ္ဌာန်းထားသည့် မဟာဗျူဟာ၊ နည်းဗျူဟာများသည် တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးနှင့် တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ရောက်ရှိစေရေး ချမှတ်ထားသည့်ဗျူဟာများဖြစ်သဖြင့် အလေးအနက်ထားအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အကောင်အထည်ဖော်သည့် မိမိတို့အထူးအဖွဲ့ အဖွဲ့ဝင်များအနေနဲ့ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသည့်လိုင်စင်ရှိ၊ လိုင်စင်မဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့်စက်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းအညီ အမြန်ဆုံးအပ်နှံဆောင်ရွက်နိုင်ရေး၊ ဖမ်းဆီးရမိပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ တားဆီးစစ်ဆေးဖမ်းဆီးမှုများ ဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် စစ်ဆေးဖမ်းဆီး အရေးယူဆောင်ရွက်သွားရန်၊ ဖမ်းဆီးရမိသည့်အမှုများ လျော့နည်းကျဆင်းခြင်း မဖြစ်စေရန်အတွက် မူးယစ်ဆေးဝါးများ၊ လိုင်စင်မဲ့မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ၊ အကောက်ခွန်မဲ့ကုန်ပစ္စည်းများ၊ သစ်နှင့်သစ်တောထွက်ပစ္စည်းများ ယခင်ကထက် ပိုမိုဖမ်းဆီးရမိ စေရေးကြပ်မတ်ဆောင်ရွက်သွားကြရန်၊ မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များအနေဖြင့် တရားမဝင်ကုန်သွယ်မှုကိစ္စရပ်များတွင် ဝန်ထမ်းများပါဝင်ပတ်သက်မှုမရှိစေရေးနှင့် အဂတိလိုက်စားမှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ စနစ်တစ်ကျကြပ်မတ်ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်ဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)