လွိုင်ကော် ဇွန် ၁၁
ကယားပြည်နယ် သူနာပြုသိပ္ပံ(လွိုင်ကော်) အမှတ်စဉ် (၃၂) သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ သူနာပြုသိပ္ပံ(လွိုင်ကော်) နည်းပြဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို သူနာပြုသိပ္ပံ(လွိုင်ကော်) သင်တန်းသူများက “ပြည်ထောင်စုရဲ့ ထာဝရအလှ” သီချင်းဖြင့် ကပြဖျော်ဖြေဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် သူနာပြုများသည် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေခြင်းဖြစ်သည့် အတွက် သင်ရိုးညွှန်းတမ်းအဆင့်မြင့်မားရေး၊ စွမ်းဆောင်ရည်မြင့်မားရေး၊ စဉ်ဆက်မပြတ် ပညာ သင်ကြားခွင့်ရရှိရေး၊ လုပ်ငန်းခွင်နှင့် ဘဝတက်လမ်းအခွင့်အရေးများ ရရှိရေးတို့အတွက် နိုင်ငံတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့က အဘက်ဘက်မှ ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိရာ သင်တန်းသား၊ သင်တန်းသူအားလုံးက မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် အကောင်းဆုံး လေ့လာသင်ယူရန်နှင့် ပညာရေးဆုံးခန်းတိုင်အောင် တက်ရောက်ရန် မှာကြား လိုကြောင်း၊ ယနေ့ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းခံရသည့် သင်တန်းသားသင်တန်းသူများ အနေနှင့် သူနာပြု ဆရာ၊ ဆရာမများ လိုက်နာရမည့် ကျင့်ဝတ်များကို အလေးထားလိုက်နာပြီး နိုင်ငံတော်နှင့် ပြည်နယ်၏ ကျန်းမာရေးအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် ပံ့ပိုးနိုင်သူများဖြစ်အောင် ကြိုးစားသွားရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန် ပထမဆုနှင့်ဒုတိယ ရရှိသူ များအားလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် တရား သူကြီးချုပ်နှင့် လူမှုရေးရာဝန်ကြီးတို့က ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆု၊ ရရှိသူများအား လည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် သူနာပြုသိပ္ပံ(လွိုင်ကော်) ဒုတိယကျောင်းအုပ်ကြီးက သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းသား၊သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများကို အပ်နှင်းကာ သင်တန်းသား သင်တန်းသူများက သူနာပြု သစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သူနာပြုသိပ္ပံ (လွိုင်ကော်) သင်တန်းသား၊ သင်တန်းသူများက တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ သင်တန်းသား သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသား သင်တန်းသူများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်းသိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)