ပျော်ဘွယ်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ကြီးကြပ်ရေးအဖွဲ့များအား လုပ်ငန်းစွမ်းရည် မြင့်မားရေးသင်တန်း ဖွင့်လှစ်ပို့ချ

ပျော်ဘွယ် ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေနှင့်အညီရွေးချယ်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့များကိုရွေးချယ်ခဲ့ရာ အဆိုပါအဖွဲ့ဝင်များအား လုပ်ငန်းစွမ်းရည်မြင့်မားရေး သင်တန်းပို့ချခြင်းကို ဇွန်လ ၁၈ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းသား၊ သင်တန်းသူများသိရှိထားရမည့် စည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မြင့်ထွေးက အုပ်ချုပ်ရေးမှူးများရွေးချယ်ရာတွင် အခက်အခဲမဖြစ်ပေါ်စေရန်အတွက် သိရှိထားရမည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးကြသည်။

အဆိုပါသင်တန်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ကြီးကြပ်ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်များ၊ ဖြည့်စွက်ရမည့်စာရင်းပုံစံများ စသည့်အကြောင်းအရာများကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့ပေါ်၉ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၂ အုပ်စုမှ ကြီးကြပ်ရေးအဖွဲ့များ တက်ရောက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)