ကျောက်ဆည် ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကြီးမှူးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ဇွန် ၁၇ ရက်နေ့က ကျောက်ဆည်မြို့နယ် ဇော်ဂျီဂေါက်ကွင်း၌ ကမ္ဘာ့သဲကန္တရာဖြစ်ထွန်းမှုနှင့်မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်နှင့် ကော်မတီအတွင်းရေးမှူး ရဲမှူးကြီးအေးမြင့်နိုင်တို့က ဇော်ဂျီဂေါက်ကလပ်မှတာဝန်ခံဦးဝင်းမောင်နှင့် ကျောင်းသားလေးများအား ပျိုးပင်များအားပေးအပ်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးဆောင်မှုဖြင့် ပိတောက် ၁၅၀ ပင်၊ သင်္ဘောကုက္ကို ၁၅၀ ပင်၊ တမာ ၁၀၀ ပင်၊ မဲဇယ် ၁၄၀ ပင် စုစုပေါင်း ပျိုးပင် ၅၄၀ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပွဲတော်များ ပြုလုပ်ခြင်းဖြင့် ဒေသတွင်းစိမ်းလန်းစိုပြည်လာမည်ဖြစ်ပြီး ဂေဟစနစ်များကောင်းမွန်ခြင်း၊ ရာသီဥတုပြောင်းလဲမှုများအား ထိန်းညှိပေးခြင်း၊ ကျေးငှက်တိရိစ္ဆာန်များ၏ မျိုးဆက်ပျောက်ကွယ်မှုမှ ကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း ကျောက်ဆည်ခရိုင် စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။
သက်မောင်(ကျောက်ဆည်)