ချမ်းမြသာစည် ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ သန့်ရှင်းလတ်ဆတ်ပြီး ဘေးအန္တရာယ်ကင်းစင်သော စားသောက်ကုန်များကို စားသုံးနိုင်ရန်နှင့် ကျောင်းကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်၍ ကျောင်းများတွင် ရောင်းချသည့် မုန့်/စားသောက်ကုန်များ ကျန်းမာရေးနှင့်ညီညွှတ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃၅)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂၈)အခြေခံပညာအထက်တန်းကျောင်းတို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး ဦးဆောင်၍ ဒုတိယမြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သူနာပြုဆရာမကြီး၊ FDA မှ ဒေါက်တာဝေယံ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ စားသုံးရန်မသင့်သည့် မုန့်များရောင်းချခြင်းမပြုရန်၊ စားသုံးရန်မသင့်သည့် အစားအစာများ ရောင်းချခြင်းမပြုရန်၊ သက်တမ်းကုန်လွန်သည့် အစားအစာများရောင်းချခြင်း မပြုရန်စစ်ဆေးခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)