ကရသူရိ ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၁ နာရီက ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များ သဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက မူးယစ်ဆေးဝါးဆိုင်ရာ သိကောင်းစရာများအား အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက ဇွန်လ(၂၆)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ဖြစ်ကြောင်း၊ ဆေးလိပ်၊အရက်နှင့်ကွမ်းယာသုံးစွဲခြင်းသည် မူးယစ်ဆေးဝါးကို စတင်အသုံးပြုရာတွင် အထောက်အပံ့ဖြစ်စေသည့် အရာများဖြစ်၍ ၎င်းတို့ကို ရှောင်ကြဥ်သင့်ကြောင်း၊မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့်လက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းသည်လူသားများ၏ အညွှန့်ကို တုံးစေပြီးမိမိနှင့် မိမိမိသားစု မိမိပတ်ဝန်းကျင်၏ အကျိုးစီးပွားများထိခိုက်စေခြင်း၊မူးယစ်ဆေးဝါးနှင့်ကျောင်းသား၊ ကျောင်းသူများမည်သို့မျှ မသက်ဆိုင်စေရေး၊ မူးယစ်ဆေးဝါးဖြတ်တောက်နည်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုဟောပြောသည်။ထို့နောက် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးနံရံကပ်ဘုတ်များ၊ ဓာတ်ပုံမှတ်တမ်းများ၊ နံရံကပ်စာစောင်များကိုပြသရာ ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာ မကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများ (၃၅)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)