ထားဝယ် ဇွန် ၁၈
တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပထမနေ့)ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၈) ဦး ရှိသည့်အနက် (၂၈)ဦး တက်ရောက်ခဲ့သဖြင့် (၁၀၀)ရာခိုင်နှုန်းရှိပြီးတက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေးအထမြောက်ရန် လိုအပ်သောကိုယ်စားလှယ်ဦးရေ ထက်ဝက်ကျော်လွန်သည့်အတွက် တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး(ပထမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး(ပထမနေ့) တက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၊ ကတိသစ္စာ မပြုရသေးသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ကတိသစ္စာပြုခြင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသောကြယ်ပွင့်ပြမေးခွန်း(၇)ခုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ကြည်း ၃၃၁၃၅၊ ဗိုလ်မှူးကြီးရန်ကြီးအောင်အား အမည်စာရင်းပေးပို့လာမှုအပေါ် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပထမနေ့)ကို နံနက် ၁၁ နာရီ ၁၅ မိနစ်နာရီတွင် ပြီးစီးခဲ့ပြီး တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ဇွန် ၁၉ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)